ထိုင်းရေတပ်၏ စစ်သင်္ဘောတစ်စင်း နစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် မရိန်းတပ်ဖွဲ့ဝင် ၃၁ ဦးကို ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေ

ထိုင်းပင်လယ်ကွေ့အတွင်း လှိုင်းထန်သည့် ရေပြင်၌ ထိုင်းစစ်တပ်၏ ကော်ဗက်စစ်ရေယာဉ်တစ်စင်း ညအချိန် နစ်မြုပ်မှုဖြစ်ပွားခဲ့ပြီးနောက် ပျောက်ဆုံးနေသည့် မရိန်းတပ်ဖွဲ့ဝင် ၃၁ ဦးကို ရှာဖွေရန်အတွက် ဒီဇင်ဘာ ၁၉ ရက်တွင် စစ်သင်္ဘောများနှင့် ရဟတ်ယာဉ်များ စေလွှတ်ခဲ့ကြောင်း ထိုင်းရေတပ်က ပြောကြားခဲ့သည်။ HTMS ဆူခိုထိုင်းစစ်သင်္ဘောသည် စက်ချွတ်ယွင်းမှုဖြစ်ပွားကာ ညသန်းခေါင်မတိုင်မီ၌ ကမ်းခြေနှင့် ရေမိုင် ၂၀ ခန့်အကွာတွင် နစ်မြုပ်ခဲ့ပြီးနောက် ပျောက်ဆုံးနေသူများကို ရှာဖွေရန်အတွက် မြို့တော်ဘန်ကောက်၏ တောင်ဘက်၊ ပရာချွတ်ခီရီခန်ခရိုင်နှင့် မလှမ်းမကမ်းသို့ ရေတပ်သင်္ဘော သုံးစင်းနှင့် ရဟတ်ယာဉ်နှစ်စင်းကို စေလွှတ်ထားသည်။ လေပြင်းတိုက်မှုနှင့် လှိုင်းဒဏ်ကြောင့် သင်္ဘောထဲ သို့ ပင်လယ်ရေများ ဝင်ရောက်လာသည့်အတွက် အီလက်ထရောနစ် စနစ်များ ထိခိုက်ပျက်စီးကာ ဓာတ်အားပြတ်တောက်သွားခဲ့သည်ဟု ထိုင်းရေတပ်၏ အဆိုအရ သိရသည်။ “ပင်မနဲ့ အကူစက်ယန္တရား တွေ အလုပ်မလုပ်တော့တဲ့အတွက် သင်္ဘောကိုထိန်းချုပ်နိုင်ခြင်း မရှိတော့တာဖြစ်တယ်” ဟု  ဒီဇင်ဘာ ၁၉ ရက်က ထိုင်းရေတပ်၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။ ထို့အတွက်ကြောင့် သင်္ဘောထဲသို့ ရေများအလျင်အမြန် ဝင်ရောက်လာခဲ့ကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်ကို စတင်ခဲ့ကာ ဒေသစံတော်ချိန် ည ၈ နာရီ ၄၀ မိနစ်တွင် သင်္ဘောပေါ်၌ လိုက်ပါသွားသူ ၁၀၆ ဦးကို ကယ်ဆယ်ရန် စစ်သင်္ဘောသုံးစင်းအနက်မှ တစ်စင်းကို စေလွှတ်ခဲ့သည်။ သို့ရာတွင် လေပြင်းတိုက်မှုနှင့် ပင်လယ်ပြင်လှိုင်းထန်မှုတို့ကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်နိုင်ခဲ့ခြင်း မရှိပေ။

အဆိုပါ စစ်သင်္ဘောသည် တဖြည်းဖြည်းတိမ်းမှောက်သွားရာမှ ဒေသစံတော်ချိန် ည ၁၂ နာရီတွင် နစ်မြုပ်သွားခဲ့ကြောင်း သိရသည်။ ထိုစဉ် ပုဂ္ဂလိကပိုင် ရေယာဉ်နှစ်စင်းနှင့် ရေနံတင်သင်္ဘောတစ်စင်းသည် အကူအညီပေးရန်အတွက် အခင်းဖြစ်သည့်နေရာသို့ ရောက်ရှိလာခဲ့သည်။ လတ်တလော ကယ်ဆယ်ရေး လုပ်ဆောင်မှုအတွင်း ၇၅ ဦးကို ကယ်တင်နိုင်ခဲ့ကာ ၃၁ ဦး ပျောက်ဆုံးနေသည်ဟု ထိုင်းရေတပ်က ပြောကြားသည်။ ထိုင်းရေတပ်က ၎င်းတို့၏တွစ်တာအကောင့်တွင် တင်ထားသည့် ဗီဒီယိုနှင့် ဓာတ်ပုံများ တွင် အနက်ရောင် လေသွင်းလှေပေါ်မှ လိမ္မော်ရောင် အကျႌဝတ်ဆင်ထားသည့် ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ သည် လှိုင်းများတလိပ်လိပ် တက်လာချိန်တွင် အမှောင်ထုအောက်၌ နစ်မြုပ်သင်္ဘောအနီးမှ ထွက်ခွာသွား ပုံကို မြင်တွေ့ရမည်ဖြစ်သည်။၁၉၈၇ ခုနှစ်ကတည်းက အသုံးပြုခဲ့သည့် အမေရိကန်လုပ် ကော်ဗက် အပေါ့စား စစ်ရေယာဉ်အမျိုးအစားဖြစ်သည့် ဆူခိုထိုင်း စစ်သင်္ဘောသည် ဒီဇင်ဘာ ၁၈ ရက်က ပြင်းထန် သည့် ပင်လယ်လှိုှုင်းရိုက်ပုတ်မှုဒဏ်ကို ကြုံတွေ့ရပြီးနောက် တစ်ဖက်သို့ တိမ်းမှောက်သွားခဲ့ကာ သင်္ဘောထဲသို့ ပင်လယ်ရေများ လှိမ့်ဝင်လာခဲ့ခြင်းဖြစ်သည်ဟု ထိုင်းရေတပ် ပြောခွင့်ရရေတပ်ဗိုလ်ချုပ် ပေါ့ကရုန်မွန်သာပါလင်က ဆိုသည်။ လက်ရှိတွင် ရှာဖွေကယ်ဆယ်ရေးမစ်ရှင်ကို ဆက်လက်လုပ်ဆောင် လျက်ရှိသည်။