ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် UNOPS ၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် ဘန်ကောက် မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာဆန်ဂျေးမာသာကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံးတို့အကြား လက်ရှိပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်း စဉ်အဆင်ပြေချောမွေ့ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။
ထို့အတူ ဒီဇင်ဘာ ၁၅ ရက်ကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာတို့ သည်နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံးတို့အကြား လက်ရှိနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။ အလားတူ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း နှင့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး မစ္စတာ ဆန်ဂျေးမာသာဦးဆောင်သောအဖွဲ့သည် ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် UNOPS အဖွဲ့တို့အကြား လက်ရှိ ပူးပေါင်းဆောင်ရွက် နေသည့် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်များ၊ နည်းဗျူဟာများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှု၊ UNOPS အဖွဲ့မှ စီမံခန့်ခွဲနေသည့် Global Fund နှင့် Access to Health Fund ရန်ပုံငွေများအသုံးပြု၍ ခုခံကျ၊ ကာလသားရောဂါ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေး လုပ်ငန်း များနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။