နိုင်ငံသားစိစစ်ရေးကတ် နှစ်ကြိမ်နှင့် သုံးကြိမ် ထပ်နေသူ ၁၁၀,၀၀၀ ကျော်ကို လျှော့ချနိုင်ခဲ့ကြောင်း UEC ဥက္ကဋ္ဌ ပြောကြား
နိုင်ငံသားစိစစ်ရေးကတ် နှစ်ကြိမ်နှင့် သုံးကြိမ် ထပ်နေသူ ၁၁၀၀၀၀ ကျော် (၁၁၅,၉၆၁ ဦး) ကို လျှော့ချ နိုင်ခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၂၂ ရက်က ကျင်းပသည့် မဲဆန္ဒရှင် စာရင်းများ ပြည့်စုံမှန်ကန်ရေး ညှိနှိုင်းအစည်းအဝေးတွင် UEC ဥက္ကဋ္ဌက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက မဲစာရင်းများ ပြုစုရာတွင် သက်ဆိုင်ရာဌာနများမှ စာရင်းဇယားများနှင့် ပူးပေါင်းဆောင်ရွက်ရသကဲ့သို့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း စသည့် ကိစ္စရပ်များတွင်လည်း ယနေ့တက်ရောက်လာသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
မဲစာရင်းများပြုစုရာတွင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများနှင့်အညီ မဲစာရင်းများကိုပြုစု ရာတွင် ကော်မရှင်က သတ်မှတ်သည့် လူဦးရေစာရင်းပုံစံဇယားများအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးက ပြုစုထားသည့် လူဦးရေစာရင်းများကို ရယူအခြေခံပြီးပြုစုရမည်ဖြစ်ကြောင်း၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများက ပြုစုထားသည့် လူဦးရေစာရင်းများသည် မဲစာရင်းမှန်ကန်ရေးအတွက် အဓိကကျကြောင်း ၎င်းက ဆိုသည်။
မြေပြင်နှင့်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ပြီးမြောက်ပြီးသည့်နောက် ရရှိလာသည့်လူဦးရေ စာရင်းများကို ကွန်ပျူတာ ဆော့ဖ်ဝဲအသုံးပြု၍ နိုင်ကတ်ထပ်နေသူ များ၊ နိုင်ကတ် မရှိသူ/မပြည့်စုံသူများ၊ အသက် ၁၈ နှစ်အောက်ရှိသူများ၊ မွေးသက္ကရာဇ်မပြည့်စုံသူများ၊ မွေးရက်မွေးလ ထပ်နေသူများ စသည်ဖြင့် ခွဲခြားစိစစ်ခဲ့ကြောင်း၊ စိစစ်ပြီးသည့်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ ပေးပို့ခဲ့ကြောင်း၊ စိစစ်ပြီးသည့် စာရင်းများအပေါ်အခြေခံပြီး အခြေခံမဲဆန္ဒရှင်စာရင်းများ အချိန်နှင့် တစ်ပြေးညီမှန်ကန်စေရေး မြို့နယ်အသီးသီးရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ သေဆုံးသူ၊ ပြောင်းရွှေ့ ထွက်ခွာသူ/ဝင်ရောက်သူ၊ အသက် ၁၈ နှစ်ပြည့်ပြီး ဥပ ဒေနှင့်အညီ သတ်မှတ်အရည်အချင်းပြည့်မီ သည့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပြီးသူ များ၏ အင်အားအတိုးအလျော့ ပြောင်းလဲမှုများကို သက်ဆိုင်ရာ ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများ ပူးပေါင်း၍ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ လစဉ် တိုက်ဆိုင်စိစစ်ဆောင်ရွက်စေလျက် ရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြားသည်။
မြေပြင်တိုက်ဆိုင်စစ်ဆေးမှုမှ ရရှိသည့် လူဦးရေစုစုပေါင်းမှာ မူလ Pilot Project ပြုလုပ်စဉ်က ၆၁,၀၆၉,၀၀၈ ဦး (၆၁ ဒသမ ၀၇ သန်းခန့်) ဖြစ်ပြီး စက်တင်ဘာလတွင် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာအုပ်စုများ ထပ်မံပါဝင်လာခဲ့သည့်အတွက် ၆၁၂၁၄၀၉၉ ဦး (၆၁ ဒသမ ၂၁၄ သန်း ကျော်) ရှိလာပြီ ဖြစ်ကြောင်း၊ ယင်းစာရင်းများသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့၏ စာရင်းနှစ်ခုပေါင်းဖြစ်ကြောင်း၊ လစဉ်လူဦးရေစာရင်းအတိုးအလျော့များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုများအရ အောက်တိုဘာလအထိ ရရှိသောအချက်အလက် များအရ ဥပဒေနှင့်အညီ နေထိုင်သူဦးရေ ၄၁,၆၀၉,၂၁၈ ဦး၊ နိုင်ကတ်ရှိသူဦးရေ ၂၉,၂၈၄,၉၀၉ ဦး၊ ၁၈ နှစ်အထက်အောက်များအပါအဝင် နိုင်ကတ်မရှိသူဦးရေ ၁၂,၁၆၃,၇၂၃ ဦး၊ သေဆုံးသူ စုစုပေါင်း ၇၈၅,၀၀၇ ဦး၊ နိုင်ကတ်နှစ်ကြိမ်ထပ်မှ လျှော့နိုင်သည့်ဦးရေ ၁၀၅ç၇၁၂ ဦး၊ နိုင်ကတ် သုံးကြိမ်ထပ်မှ လျှော့နိုင်သည့် ဦးရေ ၁၀,၂၄၉ ဦး၊ နိုင်ကတ်ထပ်မှ အသစ်ပြုလုပ်သည့် ဦးရေ ၆,၅၉၄ ဦး၊ လဝက လက်ကျန်စာရင်းမှထပ်မံ ဖြည့်သွင်းသည့်ဦးရေ ၃၆၀,၅၇၆ ဦးနှင့် အချက်အလက်ပြင်ဆင်မှုပေါင်း ၁,၅၆၇,၅၉၄ ခုတို့ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပြောင်းဝင်/ပြောင်းထွက် စာရင်းများ၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ပြောင်းဝင်/ပြောင်းထွက် စာရင်းများ စသည်ဖြင့် လူဦးရေစာရင်းများကိုလည်း ကောက်ယူရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောကြား သည်။