ပဲခူးတိုင်းဒေသကြီးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ပဲခူး နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးပါတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲနှင့် သုံးလတာ ရက် ၉၀ စီမံကိန်း ရာနှုန်းပြည့်အောင်နိုင်ရေးအစည်းအဝေးပွဲအား နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရွှေမော်ဓောဘုရားရှိ တိုင်းပါတီရုံးအစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဌဦးရဲမြင့်ထွန်း၊ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်နှင့် တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများတက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာတိုင်းဒေသကြီးပါတီဥက္ကဌမှ ရက် ၉၀ စီမံကိန်း ရာနှုန်းပြည့်ပြီးနိုင်ရေး၊ ကွင်းဆင်းစစ်ဆေး တွေ့ဆုံခဲ့ရာတွင် သိမြင်တွေ့ရှိခဲ့သော လိုအပ်ချက်များ၊ အမျိုးသမီးကဏ္ဍ၊ လူငယ်ရေးရာကိစ္စရပ်များ၊ မီဒီယာကိစ္စရပ်များ၊ မြို့နယ်များ၏ ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ပါတီ၏ဗဟိုဥက္ကဌ၏လမ်းညွန်မှာကြားချက်များ၊ တိုင်းဒေသကြီး တာဝန်ခံ၊ တွဲဘက်တာဝန်ခံများမှလုပ်ငန်းလမ်းညွန်မှာကြားချက်များ၊ ပါတီ၏ညွန်ကြားချက် အမိန့်များ၊ မြေပြင်ကွင်းဆင်းထိတွေ့ရမည့်လုပ်ငန်းကိစ္စရပ်များအား အကျယ်တဝင့်ဆွေးနွေးခဲ့သည်။ ဆွေးနွေးချက်များအပေါ် တိုင်းအတွင်းရေးမှူး၊ တိုင်းကော်မတီဝင်များ၊ ခရိုင်ဥက္ကဌများ၊ မြို့နယ်ဥက္ကဌများမှ လုပ်ငန်းစီမံချက်များအတိုင်း ဖော်ဆောင်နေမှု သက်ဆိုင်ရာနယ်မြေအလိုက်ပါတီဝင်များ ပါတီ၏အမာခံ ခေါင်းဆောင်များနှင့် ထိတွေ့ရာတွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များ၊ တိုင်းပါတီ၏ညွန်ကြားချက်၊ လုပ်ငန်းလမ်းညွန်ချက်များအား စီမံဆောင်ရွှက် ပြီးစီးထားမှုအခြေနေများ၊ နယ်မြေများကွင်းဆင်းခဲ့ရာတွင် ဒေသခံပါတီဝင်ပြည်သူများ၏ တင်ပြချက်များ၊ အကြံပြုချက်များအား တင်ပြခဲ့ပြီး၊ တင်ပြချက်များအပေါ် တိုင်းဒေသကြီး ပါတီ၏ တာဝန်ရှိသူများ ရေးရာကဏ္ဍအလိုက်တာဝန်ခံများမှ ပြန်လည်ဖြေရှင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွှက်ခဲ့သည်။ အဆိုပါအစည်းအဝေးပွဲ တွင် စည်းကမ်းချက်များ၊ ဆုံးဖြတ်ချက်များအား သဘောတူညီ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် သုံးလတာ ရက် ၉၀ စီမံကိန်းအား ရာနှုန်းပြည့်အချိန်မှီ ပြီးစီးအောင်မြင်နိုင်ရေးအတွက် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများမှ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲများအား နယ်မြေကွင်းဆင်း၍လည်းကောင်း  Online မှလည်းကောင်း ပဲခူးခရိုင်၊ ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင် အတွင်းရှိမြို့နယ်များနှင့် သတ်မှတ်ရက်များရေးဆွဲ၍ နေ့စဉ်ဆွေးနွေး လမ်းညွန်မှာကြားလျှက်ရှိသည်။