ရော်နယ်ဒို၏ မှတ်ချက်စကားများအပေါ် မန်ယူအသင်းက အရေးယူမှုပြုလုပ်မည်
အင်တာဗျူးတစ်ခုမှာ ရော်နယ်ဒိုရဲ့ ပြောဆိုခဲ့တဲ့ မှတ်ချက်စကားတွေအပေါ် မန်ယူအသင်းက အရေးယူမှု ပြုလုပ်သွားမယ်လို့ နိုဝင်ဘာ ၁၄ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ နာမည်ကျော် အစီအစဉ်တင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ပြီး မန်ယူအသင်း တာဝန်ရှိသူတွေနဲ့ နည်းပြ တန်ဟတ်ဂ်တို့ဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြပြီး အသင်းကနေ ထွက်ခွါဖို့ ဖိအားပေးခဲ့ကြောင်း ရော်နယ်ဒိုက လူသိထင်ရှားပြောခဲ့တာပါ။
ဒါ့အပြင် မန်ယူအသင်းရဲ့ နည်းပြခန့်အပ်မှုနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုတွေကိုလည်း ရော်နယ်ဒိုက အပြင်းအထန် ဝေဖန်ခဲ့ပြီး ယူနိုက်တက်အသင်းမှာ ဘာမှပြောင်းလဲမှု မရှိသေးကြောင်း ပြောခဲ့တာပါ။
အဲဒီအပေါ်မှာ မန်ယူအသင်းက ချက်ချင်းဆိုသလို သတင်းထုတ်ပြန်မှု ပြုလုပ်ခဲ့ပြီး ရော်နယ်ဒိုရဲ့ မှတ်ချက် စကားတွေအပေါ် အချက်အလက် အပြည့်အစုံ အတည်ပြုပြီးချိန်မှာ တုံ့ပြန်မှုတစ်ခု ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။
ယူနိုက်တက် အသင်းအနေနဲ့ လက်ကျန် ဒုတိယ ရာသီဝက်ကာလအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ အာရုံစိုက်ထားပြီး အသင်းရှိ ဝန်ထမ်းအားလုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှု အရှိန်အဟုန်တွေ ဆက်လက်ရှိစေဖို့ လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။