ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ အမေရိကန်သမ္မတ ကတိပြု

ထိုင်ဝမ်ကို မကြာခင် ၀င်တိုက်ဖို့ တရုတ် ခေါင်းဆောင်တွေ စီစဉ်ထားတယ်လို့ မယူဆကြောင်း အမေရိကန် သမ္မတ Joe Bidne ကပြောဆိုလိုက်ပေမဲ့၊ အမေရိကန် အနေနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းထားရေး ဆက်လက် ပိုင်းဖြတ်ထားကြောင်း တနလာင်္နေ့မှာ ပြောပါတယ်။ အမေရိကန်က တရုတ်ကို အားတက်သရော ယှဉ်ပြိုင်မယ်လို့လည်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့လည်း ပဋိပက္ခတွေ ဖြစ်လာရေး မျှော်လင့်မထားကြောင်းနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း အမေရိကန် သမ္မတ Biden က ဘာလီရဲ့ အပန်းဖြေ ဟိုတယ် တခုမှာ တရုတ် သမ္မတ Xi နဲ့ ၃နာရီခွဲကြာ ဆွေးနွေးပွဲ အပြီးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ရဲ့ ပြီးခဲ့တဲ့ သြဂုတ်လ အတွင်း သွားခဲ့တဲ့ ထိုင်ဝမ် ခရီးစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ တရုတ်ဘက်က ထိုင်ဝမ်ကျွန်းရဲ့ ဝေဟင် အနီးမှာ တိုက်လေယာဉ်တွေ ပျံသန်းခဲ့သလိုဘဲ အနီးအနားက ရေပြင် အတွင်းကိုလည်း မစ်ဇိုင်းဒုံးတွေ ပစ်လွှတ်ခဲ့တာနဲ့ အတူ လတ်တလော လပိုင်းတွေ အတွင်း ထိုင်ဝမ်အရေး တင်းမာမှုတွေ ရှိခဲ့တာပါ။
အမေရိကန်က ထိုင်ဝမ် လွတ်လပ်ရေးကို မထောက်ခံကြောင်းနဲ့ တရုတ်ကို ထိန်းချုပ်ဖို့ လက်နက် တခုအနေနဲ့ ထိုင်ဝမ်ကို အသုံးချဖို့ အမေရိကန်က ရည်ရွယ်ချက် မရှိဘူးဆိုတဲ့ သူ့ရဲ့ ကတိကို လေးစားလိုက်နာဖို့ အမေရိကန် သမ္မတ Biden ကို တရုတ် သမ္မတ Xi က ပြောဆိုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဌာနက ဖော်ပြပါတယ်။
တရုတ်နဲ့ စစ်အေး တိုက်ပွဲသစ် ဖြစ်ဖို့ မလိုအပ်ဘူးဆိုတာကို အပြည့်အ၀ ယုံကြည်ကြောင်း ထိုင်ဝမ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုလားတယ်လို့လည်း အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။
-Ref:VOA