ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်းအထိတင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိ
မြန်မာနိုင်ငံမှထွက်ရှိသည့်ဆန်များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဆန်တန်ချိန် ၂ သိန်း တင်ပို့ရေး ဆန်ရောင်းဝယ်မှုဆိုင် ရာ G2G စာချုပ်အရ ပုသိမ်စက်မှုမြို့တော်ဆိပ် ကမ်းမှ ဆန်တန်ချိန် ၁ သိန်း တင်ပို့ရန်ဆောင်ရွက်ရှိကြောင်း သိရသည်။ ဆန်တန်ချိန် ၂ သိန်းအနက် တစ်ချို့တစ်ဝက်အား ရန်ကုန်ဆိပ်ကမ်းမှ လည်း တင်ပို့လျက်ရှိပြီး ပုသိမ်စက်မှု မြို့တော်ဆိပ်ကမ်းမှလည်း ဆန်တန်ချိန် ၃ သောင်းမှ ၁ သိန်း အထိ ဒေသတွင်းရှိ စပါးနှင့်ဆန်ပိုလျှံမှုပေါ် မူတည်၍ တင်ပို့ရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။
လက်ရှိအချိန်၌ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြန်မာနိုင်ငံထွက် ဧည့်မထဆန်တန်ချိန် ၂၆၅၀ အားတင်ပို့ရန် သင်္ဘောပေါ်သို့ ဆန်အိတ်များတင်ဆောင်လျက်ရှိကာ ယခုအကြိမ်သည် တတိယမြောက် တင်ပိုခြင်းဖြစ်ကြောင်း သိရသည်။
ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းမှ နိုဝင်ဘာ ၂ ရက်တွင် ဆန်တန်ချိန် ၂၆၅၀ တန်၊ နိုဝင်ဘာ ၇ ရက်တွင် ဆန်တန်ချိန် ၂၆၁၅ တန်တင်ပို့ခဲ့ပြီးဖြစ်ကာ ယခု တတိယအကြိမ်ဆန်တင်သင်္ဘောမှာလည်း မကြာမီအချိန်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ရန်ကုန်ဆိပ်ကမ်းမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ဆန်တင်ပို့ရာတွင် ဧရာဝတီတိုင်းမှတဆင့် ရန်ကုန်သို့တင်ပို့ရပြီး သယ်ယူပို့ဆောင်ခနှင့်အလုပ်သမားခများကုန်ကျမှုကြောင့် ပုသိမ်စက်မှု မြို့တော် ဆိပ်ကမ်းမှ တိုက်ရိုက်တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။ source;popularnews