ပူပြင်းရာသီဥတုကြောင့်၂၀၂၂ ခုနှစ်တွင် ဥရောပ၌ အနည်းဆုံး လူ ၁၅၀၀၀ သေဆုံးထားသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ထုတ်ပြန်

၂၀၂၂ ခုနှစ်၏ လက်ရှိအချိန်ထိ ပူသောရာသီဥတုကြောင့် ဥရောပတွင် အနည်းဆုံးလူ ၁၅၀၀၀ သေဆုံးခဲ့သည်ဟု နိုဝင်ဘာ ၇ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထုတ်ပြန်လိုက်ပြီး အဆိုးရွားဆုံးထိခိုက်သော နိုင်ငံများထဲတွင် စပိန်နှင့် ဂျာမနီတို့ပါဝင်သည်ဟု ဆိုသည်။

မှတ်တမ်းများ စတင်ယူခဲ့ပြီးကတည်းက ဇွန်လမှ သြဂုတ်လအထိ သုံးလသည် ဥရောပတွင် အပူဆုံးလများဖြစ်ပြီး ထူးထူးခြားခြား အပူချိန်မြင့်တက်ခြင်းများက အလယ်ခေတ်နောက်ပိုင်း ဥရောပတိုက်ကြုံတွေ့ရသည့် အဆိုးရွားဆုံး မိုးခေါင်းမှုကို ဦးတည်စေခဲ့သည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိ တင်ပြလာတဲ့ နိုင်ငံအလိုက်အချက်အလက်တွေကို အခြေခံပြီးတော့ပြောရရင် ၂၀၂၂ ခုနှစ်ထဲမှာ အထူးသဖြင့် အပူကြောင့် အနည်းဆုံးလူ ၁၅၀၀၀ သေဆုံးတယ်လို့ ခန့်မှန်းထားပါတယ်” ဟု ထုတ်ပြန်ချက်တွင် WHO ၏ဥရောပဆိုင်ရာ ဒေသဒါရိုက်တာဟန်းကလုက ဖော်ပြခဲ့သည်။

“နွေရာသီကာလ သုံးလအတွင်း စပိန်မှာ သေဆုံးသူ ၄၀၀၀ နီးပါး၊ပေါ်တူဂီမှာ လူ ၁၀၀၀ ကျော်၊ ဗြိတိန်မှာ ၃၂၀၀ နဲ့ ဂျာမနီမှာ ၄၅၀၀ ဝန်းကျင် သေဆုံးတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက သတင်းပို့ခဲ့ကြပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

“အပူကြောင့် နောက်ထပ်နိုင်ငံတွေက နောက်ထပ်သေတာတွေကို သတင်းပို့မှာဖြစ်တာကြောင့် ဒီခန့်မှန်းချက်ဟာ တိုးလာမယ်လို့ မျှော်လင့်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး အီဂျစ်နိုင်ငံ၌ ကျင်းပနေသော ကုလသမဂ္ဂရာသီဥတု ထိပ်သီးဆွေးနွေးပွဲကို အသားပေးဖော်ပြထားကာ လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ရန် ဆော်သြထားသည်။

သမိုင်းတွင် ခြောက်သွေ့ကာလတာက စံချိန်တင်ပြင်းထန်တောမီးများကို လောင်ကျွမ်းစေခဲ့ပြီး ဥရောပတိုက်၏ မဟာဓာတ်အားလုပ်ငန်းများအပေါ် ပြင်းထန်သော ဖိအားများ ကျရောက်စေသည့်အနေအထားတွင် ဥရောပ စပါးကျီဒေသ၌ ကောက်ပဲသီးနှံများ ခြောက်သွေ့ညှိုးနွမ်းခဲ့သည်။

ဇွန်လနှင့် ဇူလိုင်လကြားတွင် ဆက်တိုက်အပူလှိုင်းများက ဥရောပ၌ လူ ၂၄၀၀၀ ခန့်ကို သေဆုံးစေခဲ့သည်။ အဆိုပါလများတွင် ဗြိတိန်၌ အပူလှိုင်းကျရာတွင် အပူချိန်သည် ၄၀ ဒီဂရီဆဲလ်စီယက် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထက်ရှိခဲ့ပြီး အဆိုပါအပူချိန်သည် ဗြိတိန်တွင် ပထမဆုံးအကြိမ်ဖြစ်ပေါ်သော အပူချိန်ဖြစ်သည်။

“ခန္ဓာကိုယ်တွင်းအပူချိန်ကို ခန္ဓာကိုယ်ကထိန်းချုပ်နိုင်ခြင်းမရှိတဲ့ Heat Stress ဟာ ဥရောပဒေသမှာ ရာသီဥတုနဲ့ဆက်နွှယ်ပြီး သေဆုံးမှုဖြစ်ပေါ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်” ဟု WHO က ဖော်ပြခဲ့သည်။

ပြင်းထန်အပူချိန်များသည် နာတာရှည်နှလုံးရောဂါခံစားနေရသူများ၊ အသက်ရှူခက်ခဲသူများနှင့် ဆီးချိူ ဝေဒနာသည် များအတွက် အန္တရာယ်ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ထိထိရောက်ရောင်ကိုင်တွယ်ခြင်းမရှိပါက နောက်လာမည့် ဆယ်စုနှစ်များတွင် တိုးလာသောအပူလှိုင်းများနှင့် ပြင်းထန်ရာ သီဥတုတို့က နောက်ထပ်ရောဂါဘယများနှင့် နောက်ထပ်သေဆုံးမှုများကို ဦးတည်စေမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆက်လက်ဖော်ပြထားသည်။