မြန်မာ့မီးရထားမှ လက်မှတ်များအား Online စနစ်ဖြင့်ရောင်းချရန် စီစဉ်လျက်ရှိ

ရန်ကုန်ဘူတာကြီးမှတဆင့် အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲပေးလျက်ရှိသည့် မြန်မာ့မီးရထားမှ ရထား လက်မှတ်များ အား Online စနစ်ဖြင့် ရောင်းချရန်စီစဉ်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“မီးရထားရုံးချုပ်ကတော့ အွန်လိုင်းစနစ်နဲ့ရောင်းဖို့ စီစဉ်နေပါတယ် အခုမှအစပျိုးစီစဥ်နေတာပဲရှိပါတယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မြန်မာ့မီးရထားမှ ရထားလက်မှတ်များအား ရိုးရိုးတန်းလက်မှတ်ဖြစ်ပါက ၁ ရက်ကြိုတင်နှင့် အထက်တန်းလက်မှတ်ဖြစ်ပါက ၃ ရက်ကြိုတင်၍ သက်ဆိုင်ရာဘူတာများ၏ လက်မှတ်အရောင်းဌာနများ၌ မှတ်ပုံတင်ပြသဝယ်ယူနိုင်ပြီး ယာဉ်မောင်းလိုင်စင်၊ ထောက်ခံစာများဖြင့်ဝယ်ယူ၍ မရကြောင်း သိရသည်။

“လောလောဆယ် ရန်ကုန်ဘူတာကြီးက ဆာဗေးလုပ်နေတာက အွန်လိုင်းစနစ်တော့မဟုတ်ဘူးပေါ့နော် ခရီးသည်တွေကို ကွန်ပလိန်းစင်တာဖွင့်ပြီး လိုအပ်လို့ရှိရင် လက်မှတ်ကြိုပြီးမှာတယ်ဆိုရင်ကျွန်တော်တို့က ရက်ကြိုဆိုရင်ညွှန်ပေးမယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးကပြော သည်။

မြန်မာ့မီးရထားမှပြေးဆွဲပေးနေသည့် နယ်ဝေးမီး ရထားလက်မှတ်များအား “လေအိတ်ရထားလက်မှတ် အရောင်းဌာန” အမည်ဖြင့် လူမှုကွန်ယက်စာ မျက်နှာတွင် အကောင့်တုဖွင့်၍ လိမ်လည်ရောင်း ချမှုများရှိနေကြောင်း သိရသည်။ မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လေအိတ်အမြန်ရထားကိုလည်း အပတ်စဉ် သောကြာနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပြေးဆွဲပေးလျက်ရှိကာ ရန်ကုန်ဘူတာကြီးမှ နေ့လည် ၃ နာရီ ၄၅ မိနစ်တွင်စတင်ထွက်ခွာပြီး မန္တ လေးဘူတာကြီးမှ နေ့လည် ၃ နာရီတွင် ပြန်လည်ထွက်ခွာ၍ လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၇၅၀ ကျပ်၊အထက်တန်း ၁၅၅၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-မန္တလေး လေအိတ်အမြန်ရထားအပြင် ရန်ကုန်-မန္တလေး အမြန်ရထားများကိုလည်း နေ့စဉ်ပြေးဆွဲပေးလျက်ရှိကာ လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၇၇၅၀ ကျပ်၊အထက်တန်း ၁၅၅၀၀ ကျပ်နှင့်အိပ်စင် ၂၁၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-မန္တလေး လော်ကယ်ရထားကိုလည်း ရက်ခြားပြေးဆွဲပေးလျက်ရှိကာ လက်မှတ်ခမှာ ၅၇၀၀ ကျပ် ဖြစ်ပြီး ရန်ကုန်ဘူတာကြီးမှ နံနက် ၇ နာရီ ၄၅ မိနစ်၌ထွက်ခွာပြီး မန္တလေးဘူတာမှ ညနေ ၅ နာရီတွင် ထွက်ခွာကြောင်း သိရသည်။

မြန်မာ့မီးရထားမှ ရန်ကုန်-ပြည် လေအိတ် အမြန် ရထား(နေ့စဉ်)၊ကြည့်မြင်တိုင်-ပြည် စာပို့ရထား (နေ့စဉ်)၊ရန်ကုန်-မော်လမြိုင် လေအိတ် အမြန်ရ ထား(နေ့စဉ်)၊ရန်ကုန်-ပဲခူး(နေ့စဉ်)၊ပျဉ်းမနား- တောင်တွင်းကြီး စာပို့ရထား(နေ့စဉ်)၊ ပုသိမ်-ကြံခင်း စာပို့ရထား(နေ့စဉ်)၊မန္တလေး-ပြင်ဦးလွင် (စနေ)၊ပြင်ဦးလွင်-ဂုတ်ထိပ်(တနင်္ဂနွေ)၊သာစည်- ရွှေညောင် (တနင်္လာ)၊ ပြည်တော်သာ-ရေချမ်းပြင် (နေ့စဉ်)၊ တောင်ကြီး-ဘန်းယဉ်(နေ့စဉ်)ရထားလမ်းပိုင်းများကိုလည်း ပြန်လည် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။