ချီတက်ဆန္ဒပြနေတဲ့ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရန်ခန်း ပစ်ခတ်ခံရ

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ဝဇီရာဘတ်မြို့မှာ လမ်းလျှောက်ချီတက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း အိုင်မရန်ခန်းဟာ သေနတ်ပစ်ခံခဲ့ရလို့ ခြေထောက်ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလမှာ ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ အိုင်မရန်ခန်းက ရွေးကောက်ပွဲ အချိန်စောကျင်းပဖို့ တောင်းဆိုတဲ့အနေနဲ့ မြို့တော် အစ္စလာမ်မာဘတ်ကို လမ်းလျှောက် ချီတက်နေတာ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ဟာ အိုင်မရန်ခန်းကို လုပ်ကြံဖို့ ကြိုးစားမှုဖြစ်တယ်လို့ သူ့လက်ထောက်တစ်ဦးက ဆိုပေမဲ့ ရဲတပ်ဖွဲ့က ဒီပစ်ခတ်မှုမှာ အိုင်မရန်ခန်းက ပစ်မှတ် ဟုတ်၊ မဟုတ်ဆိုတာကို အတည်ပြုခြင်း မရှိသေးပါဘူး။

ပစ်ခတ်ခံရပြီးနောက် အိုင်မရန်ခန်းကို လာဟိုးမြို့ ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။ သူဟာ ခြေသလုံးမှာ သေနတ်ထိမှန်ခဲ့တာလို့ PTI(Pakistan Tehreek-e-Insaf) ပါတီ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ဒါပေမဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်တယ်လို့ ပါတီခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

ပါကစ္စတန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းမှာတော့ အိုင်မရန်ခန်းကို လုပ်ကြံသူ အမျိုးသားက ” သူ(အိုင်မရန်ခန်း)က လူတွေကို လှည့်စားခဲ့တာပါ။ သူ့ကို ကျွန်တော် သတ်ချင်တယ်။ ဒါကြောင့် သတ်ဖို့ ကြိုးစားခဲ့တာပါ” လို့ ထွက်ဆိုခဲ့တာ တွေ့ရပါတယ်။

-Ref:Reuters