မစ်ဇိုင်းဒုံး ၂၄ ခုထက်မနည်း မြောက်ကိုရီးယား တနေ့တည်းပစ်လွှတ်
မြောက်ကိုရီးယားနိုင်ငံဟာ ဒီကနေ့ နိုဝင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့တနေ့တည်း မစ်ဇိုင်းဒုံး ၂၄ စင်း ထက်မနည်းပစ်လွှတ်ခဲ့တဲ့အတွက် တောင်ကိုရီးယားဘက်ကလည်း တုံ့ပြန်ပစ်ခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံဘက် ဦးတည်ပြီး ၃ လုံးပစ်လွှတ်တာမှာ တောင်ကိုရီးယားပိုင်နယ်နမိတ်ထဲ ၁ လုံးကျရောက်ခဲ့ပါတယ်။
တောင်ကိုရီးယားကမ်းရိုးတန်းနဲ့ ကီလိုမီတာ ၆၀ တောင်မဝေးတဲ့နေရာကို မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ရောက်လာတဲ့အတွက် တောင်ကိုရီးယားနိုင်ငံတဝှမ်း ရုပ်သံတွေမှာ အရေးပေါ်သတိပေးချက်တွေ ပေါ်ထွက်လာ သလို ကမ်းရိုးတန်းဒေသမှာ လေကြောင်းအန္တရာယ် ကာကွယ်ရေး အချက်ပေးသံတွေလည်း ထွက်ပေါ် လာခဲ့ပါတယ်။ ဒီနေ့မနက် ၈ နာရီ ၅၁ မိနစ်မှာ မြောက်ကိုရီးယားဘက်က ပဲ့ထိန်းတပ်ဒုံးကျည်သုံးလုံးပစ်လွှတ်ခဲ့ပြီး တလုံးဟာ နှစ်ဘက်နယ်နမိတ်ရဲ့တောင်ပိုင်း အရှေ့ပင်လယ်ထဲကို ကျရောက်ခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက စစ်ဆင်ရေးဆိုင်ရာ ညွန်ကြားရေးမှူးချုပ် Kang Shin Chul က ပြောသွားတာပါ။
တောင်ကိုရီးယားပိုင် ရေပြင်နယ်နမိတ်ထဲ မြောက်ကိုရီးယားဘက်က ဒုံးကျည် ပထမဆုံးအကြိမ် ကျရောက်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မြောက်ကိုရီးယားကို တုံ့ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားစစ်တပ်ဘက်ကလည်း ဝေဟင်ကနေ မြေပြင်ပစ် ဒုံးကျည် ၃ လုံး ကို မြောက်ကိုရီးယားနဲ့ နယ်နိမတ်ထိဆက်နေတဲ့ မြောက်ဘက်ကို ပစ်လွှတ်ခဲ့ပါတယ်။ အမေရိကန်အပါအဝင် မဟာမိတ်တွေနဲ့ တောင်ကိုရီးယားနိုင်ငံတို့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတာကို မြောက်ကိုရီယားဘက်က သတိပေးနေသလို မြောက်ကိုရီးယားက နျူကလီယားစမ်းသပ်မှုတခု လုပ်လာနိုင်တယ်လို့ စိုးရိမ်ချက်တွေ ထွက်နေချိန်မှာပဲ အခုလို မြောက်ကိုရီးယားက တနေ့တည်း ဒုံးကျည်အမြောက်အများ စမ်းသပ်မှု လုပ်လာတာပါ။
မြောက်ကိုရီးယားဟာ အခုနှစ်အတွင်းမှာတင် ပဲ့ထိန်းတပ်ဒုံးကျည် ၅၀ နီးပါး စံချိန်တင် ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။ ဒါပေမယ့် အရင်အခေါက်တွေမှာတော့ တောင်ကိုရီးယားပိုင်နက်ထဲ ရည်ရွယ်ပစ်ခတ်တာမျိုး မရှိခဲ့ပါဘူး။ အခုလို မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်မှုကို ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဝေဖန်ရှုတ်ချပြီး လုံးဝ လက်သင့်ခံနိုင်စရာမရှိဘူးလို့ ပြောဆိုပါတယ်။ -Ref:VOA