ဂျက်အင်ဂျင် ၈ လုံးပါတဲ့ မိုးပျံ မော်တော်ဆိုင်ကယ်

November 2, 2022Ko Thuya

JetPack Aviation ကုမ္ပဏီက P2 Speeder မိုးပျံဆိုင်ကယ်ရဲ့ နမူနာမော်ဒယ်ကို ပြသလိုက်ပါတယ်။ Air Utility Vehicle (AUV) လို့ နာမည်ပေးထားပြီး ဂျက်အင်ဂျင် ၈ လုံး တပ်ဆင်ထားပါတယ်။ JetPack Aviation ရဲ့ ကုမ္ပဏီခွဲ Mayman Aerospace က အဲဒီ မိုးပျံဆိုင်ကယ်ကို ဒီဇိုင်းထုတ်ထားတာပါ။

ကုမ္ပဏီက နောက်ဆုံးထုတ် မော်ဒယ်ဟာ ပေါင် ၁,၀၀၀ ကို သယ်ယူနိုင်ပြီး မိုင် ၄၀၀ မောင်းနှင်နိုင်မယ်လို့ ပြောပါတယ်။ ၁ နာရီကို မိုင် ၅၀၀ အမြန်နှုန်းနဲ့ ပျံသန်းနိုင်မှာ ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု လေကြောင်း စီမံခန့်ခွဲရေး (FAA) ရဲ့ Certificate ကို ရရှိထားပြီးပါပြီ။ ကုမ္ပဏီက FAA နဲ့ ပူးပေါင်းကာ အမြန်ဆုံး ရောင်းချနိုင်အောင်ကြိုးစားမယ်လို့ ပြောပါတယ်။

SpaceX နဲ့ Tesla မှာ ငွေကြေး ရင်းနှီးမြှပ်နှံထားပြီး JetPack Aviation ရဲ့ အဓိက ရင်းနှီးမြှပ်နှံသူ Tim Draper က “ Speeder AUV ဟာ သမိုင်းကို ပြောင်းလဲသွားစေမှာပါ။ တွေ့မြင်ဖူးသမျှ မိုးပျံယာဉ်တွေထဲမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး နည်းပညာတွေ ထည့်သွင်းထားတာပါ။ အများပြည်သူ စီးနိုင်အောင် ကြိုးစားမှာပါ။ “ လို့ ပြောပါတယ်။

ကုမ္ပဏီက မီးသတ်တာ၊ ဆေးဝါးတွေ ပို့ဆောင်တာလို လုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် မိုးပျံဆိုင်ကယ်မှာ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

Ref : futurism