တရုတ်တွင် ကိုဗစ်လော့ဒေါင်းချခံထားရသော iPhone စက်ရုံက ဝန်ထမ်းများ အလုပ်ဆင်းရန် အပိုဆုကြေး လေးဆပေးမည်ဟု ကမ်းလှမ်း
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ရောဂါဖြစ်ပွားသဖြင့် အလုပ်သမားအများအပြား ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီးနောက် စက်ရုံ၌ ဆက်လက်နေထိုင်မည့် အလုပ်သမားများကို အပိုဆုကြေးလေးဆပေးမည်ဟု နိုဝင်ဘာ ၁ ရက်တွင် ယင်းစက်ရုံက ထုတ်ပြန်ခဲ့သည်။
တရုတ်သည် ကိုဗစ်ကင်းစင်မူဝါဒကို စွဲစွဲမြဲမြဲကျင့်သုံးနေသည့် အင်အားကြီးနိုင်ငံဖြစ်ရာ ဖြစ်ပွားနေသော ကူးစက်ရောဂါကို ထိန်းချုပ်ရေးအတွက် လျှပ်တစ်ပြက်လော့ဒေါင်းများချခြင်း၊ လူအများအပြားဆေးစစ်ခြင်းနှင့် အချိန်ကြာကြာ ကွာရန်တင်းဝင်စေခြင်းတို့ကို တောက်လျှောက်လုပ်ဆောင်ခဲ့သည်။
သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲသစ်များက ဒေသဆိုင်ရာအာဏာပိုင်များ၏ ရောဂါထိန်းချုပ်မှုစွမ်းရည်ကို စမ်းသပ်လျက်ရှိပြီး နိုင်ငံ၏နေရာအများအပြားမှာ အမြဲတမ်းပြောင်းလဲနေသည့် ကိုဗစ်ကန့်သတ်ရေးစည်းကမ်း များဖြင့် နေထိုင်နေရသည်။
ရှန်ကျို့ရှိ ထိုင်ဝမ်နည်းပညာကုမ္ပဏီကြီး Foxconn ၏စက်ရုံသည် အောက်တိုဘာလ အလယ်ကတည်းက လော့ဒေါင်းချခံထားရခြင်းဖြစ်သည်။ ဝန်ထမ်းများကို နေ့စဉ်ဆေးစစ်နေသည်ဟု ကုမ္ပဏီက ပြောကြားခဲ့ပြီး ဝန်ထမ်းများကို အနီးကပ်ကြီးကြပ်နေသည်ဟု ဆိုသည်။
သို့ရာတွင် အလုပ်ခွင်ညံ့ဖျင်းပြီး ကူးစက်မခံရသော ဝန်ထမ်းများအတွက် လုံလောက်မှုမရှိသည့် ဗိုင်းရပ်စ် အကာအကွယ်တို့နှင့်ပတ်သက်၍ အလုပ်သမားများထံမှ တိုင်ကြားမှုများ တရုတ်လူမှုမီဒီယာတွင် ပျံ့နှံ့ခဲ့သည်။
ကိုဗစ်ခရီးသွားလာ ရေးကန့်သတ်ချက်များကိုရှောင်ရှားရန် ကြိုးပမ်းသည့်အနေဖြင့် ကုမ္ပဏီ၏ပရိဝုဏ်မှ ထွက်ပြေး လာသော Foxconn ဝန်ထမ်းများဇာတိမြို့ကို ခြေကျင်ပြန်နေသည့် ဗီဒီယိုများကို လူမှုမီဒီယာတွင် တွေ့ရသည်။
အလုပ်ကိုလာသော ဝန်ထမ်းများသည် နိုဝင်ဘာ ၁ ရက်မှ စတင်၍နေ့စဉ်အပိုဆုကြေးယွမ် ၄၀၀ (၅၅ ဒေါ်လာ) ရရှိမည်ဖြစ်ကာ ယခင်ကပေးခဲ့သည့် တစ်ရက်အပိုဆုကြေး ယွမ် ၁၀၀ ထက်လေးဆပိုများသည်ဟု အဆိုပါစက်ရုံ၏ တရားဝင် WeChat အကောင့်တွင် ဖော်ပြထားသည်။
ဝန်ထမ်းများသည် နိုဝင်ဘာလထဲတွင် ၁၅ ရက်သို့မဟုတ် ထို့ထက်ပို၍ အလုပ်ဆင်းမည်ဆိုပါက နောက်ထပ် အပိုဆုကြေးများရရှိမည်ဖြစ်ရာ ယခုနိုဝင်ဘာတစ်လလုံးအပြည့်ဆင်းသူများသည် စံချိန်တင်ယွမ် ၁၅၀၀၀ ရရှိမည်ဟု ဖော်ပြထားသည်။ အမေရိကန်နည်းပညာကုမ္ပဏီ Apple ထံ iPhone များကို ထောက်ပံ့ပေးနေသော Foxconn သည် ဝန်ထမ်းများကို အကူအညီပေးရန် ပို၍လုပ်ဆောင်ပေးမည်ဟု ကတိပေးထားပြီး ဗိုင်းရပ်စ်နှင့် ကာလရှည်တိုက်ပွဲမှ ပြန်လိုလျှင် ၎င်းတို့၏ ဇာတိမြို့များသို့ ဘက်စ်ကားများ စီစဉ်ပေးမည်ဟု ဆိုသည်။
ရှန်ကျို့အနီးနားရှိ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များက စက်ရုံမှ ထွက်ပြေးလာသော ဝန်ထမ်းများအနေဖြင့် နေရပ်ပြန်သည့်အခါ သက်ဆိုင်ရာအာဏာပိုင်များထံ မှတ်ပုံတင်ကြရန်နှင့် ဆိုက်ရောက်သည်နှင့် ရက်အနည်းငယ် ကွာရန်တင်းဝင်ကြရန် မေတ္တာရပ်ခံထားသည်။ နိုဝင်ဘာ ၁ ရက်တွင် မကာအိုသည် လူခုနစ်သိန်းကို ဆေးစစ်ခဲ့သည်ဟု သိရသည်။