ဂျုံနဲ့ပြောင်း နိုင်ငံခြားတင်ပို့မှု သဘောတူညီချက် ကို ရုရှားဆိုင်းငံ့
ယူကရိန်း က သူတို့နိုင်ငံက ထွက်ရှိတဲ့ ဂျုံ နဲ့ ပြောင်းကို ပင်လယ်နက်ဆိပ်ကမ်းတွေကနေတစ်ဆင့် နိုင်ငံခြား တင်ပို့ခွင့်ရရှိစေခဲ့တဲ့ နိုင်ငံတကာက ကြားဝင်ညှိနှိုင်းပေးထားတဲ့ သဘောတူညီချက်မှာ မိမိတို့ပါဝင်ပတ်သက်မှုကို ဆိုင်းငံ့လိုက်တယ်လို့ ရုရှား က ပြောကြားပါတယ်။
ခရိုင်းမီးယားဒေသ ၊ ဆီဗက်စ်တိုပိုလ်မြို့က မိမိတို့ရဲ့ ပင်လယ်နက်ရေတပ်အုပ်စု အပေါ် ယူကရိန်း က ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားက စွပ်စွဲပြောကြားခဲ့ပြီးနောက်မှာ ဆိုင်းငံ့မှု ကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ယူကရိန်း က တိုက်ခိုက်မှုအပေါ် ဝန်ခံပြောကြားခြင်း မရှိခဲ့ပေမယ့် ရုရှားရဲ့လုပ်ရပ် က ကြိုတင်ခန့်မှန်းလို့ ရတယ်လို့ သမ္မတ ဇီလန်စကီး က ဆိုပါတယ်။ ဒါ့အပြင် စနေနေ့က ဒရုန်း နဲ့ တိုက်ခိုက်မှုမှာ ဗြိတိန်ရေတပ်လည်း ပါဝင်ပတ်သက်ခဲ့ကြောင်း ရုရှားက အထောက်အထားမပါဘဲ စွပ်စွဲပြောကြားခဲ့ပြီး ဗြိတိန်ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ရုရှားက သတင်းမှားတွေကို ကြီးမားတဲ့ အတိုင်းအတာနဲ့ ဖြန့်ချိနေတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ လ က ရုရှား ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲမှုကိုလည်း ဗြိတိန် က လုပ်ဆောင်ခဲ့တာလို့ ရုရှားက ပြောကြားခဲ့ပါတယ်။ ဒရုန်းတွေ က ဂျုံ နဲ့ ပြောင်း နိုင်ငံခြားတင်ပို့မှုမှာ ပါဝင်တဲ့ သင်္ဘောတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန က ပြောကြားခဲ့ပါတယ်။
နောက်နာရီ အနည်းငယ် အကြာမှာတော့ ရှရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင်ကို ဖြန့်ချိခဲ့ကာ ပင်လယ်နက် သဘောတူညီချက်မှာ ပါဝင်နေတဲ့ အရပ်ဘက် ကုန်တင်ရေယာဉ်တွေရဲ့ လုံခြုံရေးကို အာမမခံနိုင်ကြောင်း နဲ့ သဘောတူညီချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ယနေ့မှစ၍ အချိန်အကန့်အသတ် မရှိ ဆိုင်းငံ့လိုက်ကြောင်း ပြောကြားပါတယ်။ ဗြိတိန် ကျွမ်းကျင်ပညာရှင်တွေ ဦးဆောင်တဲ့ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ လုပ်ရပ်တွေကြောင့် အခုလို အရေးယူမှု လုပ်ဆောင်တာဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် က ဆက်ဖော်ပြပါတယ်။ ရုရှား က စားနပ်ရိက္ခာကို လက်နက်လို အသုံးချနေတယ်လို့ အိမ်ဖြူတော်က ပြောကြားပါတယ်။ -Ref:BBC