တရုတ်၏ နိုင်ငံရေးအခြေအနေအပေါ် ကောလာဟလများထွက်ပေါ်နေချိန်တွင် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် တရုတ်သမ္မတရှီကျင်းပင် နိုင်ငံပိုင်ရုပ်သံတွင် ပြန်လည်ထွက်ပေါ်လာ
လူမြင်ကွင်းမှ ရက်အနည်းငယ်ကြာ ပျောက်ကွယ်နေသဖြင့် ၎င်း၏နိုင်ငံရေးအခြေအနေအပေါ် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီးနောက် တရုတ်သမ္မတရှီကျင်းပင်သည် စက်တင်ဘာ ၂၇ ရက်က နိုင်ငံပိုင်ရုပ်သံတွင် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ရှီသည် ပေကျင်းပြပွဲခန်းမသို့ သွားရောက်ကြည့်ရှုသည့်ခရီးစဉ်ကို တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။
ဝန်ကြီးချုပ် လီခယ်ကျင်းနှင့် အခြားထိပ်သီးခေါင်းဆောင်များခြံရံပြီး အာဏာရ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ကို ဦးဆောင်သူဖြစ်သည့် ရှီသည် ပြပွဲခန်းမကို လေ့လာကြည့်ရှုခဲ့ပြီးနောက် လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း တရုတ်၏ စီးပွားရေးတိုးတက်မှုအပေါ် မှတ်ချက်စကား ပြောကြားခဲ့သည်။
ရှီသည် ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဥဇဘတ်ကစ္စတန်တွင်ပြုလုပ်ခဲ့သည့် ဒေသတွင်းအစည်းအဝေးမှ ပြန်လည်ရောက်ရှိလာခဲ့ပြီးနောက် ရုပ်သံတွင် ပထမဆုံးအကြိမ်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
တရုတ်၏ COVID-19 ကပ်ရောဂါ စည်းကမ်းများအရ ရှီသည် ပြည်ပမှ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် လာချိန်တွင် သီတင်းတစ်ပတ်ကြာ ကွာရန်တင်းဝင်ရန်လိုအပ်မည်ဖြစ်သည်။
တရုတ်အစိုးရသည် အတိုက်အခံများကို နှိမ်နင်းခဲ့ပြီး တည်ငြိမ်သည့် အုပ်ချုပ်ပုံကို ဖွဲ့စည်းထားသည့်တိုင် တရုတ်၏ နားလည်ရ ခက်ခဲသည့်စနစ်ကြောင့် နိုင်ငံရေးအကွဲအပြဲများ သို့မဟုတ် အာဏာသိမ်းရန်ကြိုးပမ်းမှုများ ရှိနေသည်ဆိုသည့် ကောလာဟလများမှာ မကြာခဏထွက်ပေါ်လေ့ရှိသည်။
ရှီသည် ဆယ်စုနှစ်များစွာအတွင်း တရုတ်၏ သြဇာအကြီးမားဆုံးခေါင်းဆောင်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရပြီး ထင်ရှားသည့် နိုင်ငံရေးပြိုင်ဘက်မရှိဘဲ သမ္မတသက်တမ်းကို ကန့်သတ်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းခဲ့သဖြင့် ၎င်းဆန္ဒ ရှိသရွေ့ အုပ်ချုပ်ခွင့်ရရှိထားသည်။
တရုတ်ခေါင်းဆောင်များအတွက် ရက်နှင့်ချီ သို့မဟုတ် သီတင်းပတ်နှင့်ချီ ပြည်သူ့မြင်ကွင်းမှ ပျောက်ကွယ်ခြင်းသည် ပုံမှန်မဟုတ်ဘဲ ဥပမာအနေဖြင့် နွေရာသီတွင် ပေဒေဟီအပန်းဖြေစခန်းတွင် ပြုလုပ်လေ့ရှိသည့် အလွတ်သဘော နိုင်ငံရေးအစည်းအဝေးများကို တက်ရောက်လေ့ရှိသည်။
မည်သို့ပင်ဆိုစေ ရှီ၏ လူမြင်ကွင်းမှ ပျောက်ကွယ်မှုသည် ငါးနှစ်လျှင်တစ်ကြိမ်သာ ကျင်းပသည့် ကွန်မြူနစ်ပါတီ ညီလာခံမတိုင်မီ သီတင်းပတ်အနည်းငယ်အလိုနှင့် တိုက်ဆိုင်နေသဖြင့် ကောလာဟလများကို မြင့်တက် စေခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်တွင် စတင်ပြုလုပ်မည့် ကွန်မြူနစ်ပါတီညီလာခံတွင် ရှီသည် တရုတ်ခေါင်းဆောင် တစ်ဦးအတွက် သက်တမ်းနှစ်ကြိမ်သာ ကန့်သတ်ထားသည့် အစဉ်အလာကို ချိုးဖောက်ပြီး တတိယသက်တမ်း ငါးနှစ်ကို ထပ်မံရယူဖွယ်ရှိနေသည်ဟု ခန့်မှန်းချက်များ ထွက်ပေါ်ခဲ့သည်။
ယင်းကဲ့သို့ အထိအခိုက်မခံသည့် နိုင်ငံရေးအချိန်ကာလတစ်ခုမတိုင်မီ အာဏာသိမ်းမှုနှင့် ပတ်သက်သည့်ကောလာ ဟလများမှာ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ Elevennews