မူးယစ်သံသယမှုဖြင့် မြန်မာလုပ်ငန်းရှင်တစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြ

မူးယစ်ဆေးဝါးမှောင်ခိုကူးသည်ဟု သံသယရှိသော မြန်မာလုပ်ငန်းရှင်တစ်ဦးကို မိမိတို့ ထိန်းသိမ်းခဲ့သည်ဟု စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းအာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်၏ အရုဏ်တက် ချိန်စီးနင်းမှုအတွင်း အသက် ၅၃ နှစ်ရှိ ဦးထွန်းမင်းလတ်ကို မူးယစ်မှောင်ခိုမှု၊ ငွေမည်းကို ငွေဖြူပြောင်းလဲမှုတို့ဖြင့် ထိုင်းနိုင်ငံသား သုံး ဦးနှင့်အတူ ထိုင်းမြို့တော် ဘန်ကောက်တွင် ဖမ်းဆီးခဲ့သည်ဟု တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ ကက်ဆာနာဖာ သနာချာရွန်းက ပြောကြားသည်။

“စစ်ဆေးစီရင်တာမျိုးမလုပ်ခင် ထိန်းသိမ်းထားဖို့အတွက် ရဲတပ်ဖွဲ့က တရားရုံးကို မေတ္တာရပ်ခံတဲ့ လုပ်ငန်းစဉ်ကို ဆောင်ရွက်နေပါတယ်” ဟု ကက်ဆာနာက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

ဟိုတယ်များ၊ စွမ်းအင်နှင့် သတ္တုလုပ်ငန်း တို့တွင် လုပ်ငန်းအကျိုးစီးပွားများရှိထားသူ ဦးထွန်းမင်းလတ်သည် တပ်မတော်အတွက် ပစ္စည်းများကို ဝယ်ပေးနေသူဖြစ်သည်ဟု ယခု ကိစ္စကိုသိရှိထားသော သတင်းအရင်းအမြစ် သုံးခုက ပြောကြားကြောင်း ရိုက်တာက ဖော် ပြခဲ့သည်။

ဗြိတိန်အာဏာပိုင်များသည် သြဂုတ်လ တွင် ဦးထွန်းမင်းလတ်၏ လုပ်ငန်းများထဲမှ လုပ်ငန်းတစ်ခုကို ပိတ်ဆို့ခဲ့ပြီး ယင်းသို့ပိတ်ဆို့ခြင်းမှာ တပ်မတော်၏ လက်နက်များနှင့် ဝင်ငွေရရှိမှုကို ကန့်သတ်ရန် ကြိုးပမ်းမှုတစ် ရပ်ဖြစ်သည်ဟု ဆိုသည်။

ဦးထွန်းမင်းလတ်သည် အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးတစ်ဦး၏ သားဖြစ်ကာ ၎င်းတစ်စိတ်တစ်ပိုင်းပိုင်သော ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် တပ်မတော်ကို အမေရိကန် ဒေါ်လာ ၇၁,၅၀၀ ခန့် လှူဒါန်းခဲ့သည်ဟု ၂၀၁၉ ကုလသမဂ္ဂ စာရွက်စာတမ်းတစ်ခုတွင် ဖော်ပြထားသည်။

အထောက်အထားပိုမိုစုဆောင်းရန်နှင့်  လုပ်ငန်းများချိတ်ဆက်ဆောင်ရွက်သည့် ကွန် ရက်ကို စုံစမ်းစစ်ဆေးရန် သံသယရှိသူများ၏ ထိန်းသိမ်းထားမှုကို သက်တမ်းတိုးရေးအတွက် ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့က တရားရုံးထံ မေတ္တာရပ်ခံခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ကစ်ဆာနာက ဖော်ပြခဲ့သည်။ သံသယရှိသူ လေးဦးထံမှ ဘတ်သန်း၂ဝဝကျော် (အမေရိ ကန်ဒေါ်လာ ၅ ဒသမ ၄သန်းကျော်) တန်ကြေး ရှိသော ပစ္စည်းများကို သိမ်းဆည်းခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ eleven