ရုရှားခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကွယ်လွန်

တချိန်က ဆိုဗီယက် ယူနီယံခေါင်းဆောင် Mikhail Gorbachev ကွယ်လွန်ကြောင်း ရုရှားသတင်းမီဒီယာတွေက ဖော်ပြလိုက်ကြပါတယ်။အသက် ၉၁ နှစ်အရွယ် ရုရှားခေါင်းဆောင်ဟောင်းဟာ နာတာရှည် ရောဂါဝေဒနာ ခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားကြောင်း ဆေးရုံတာဝန်ရှိသူတွေကို ကိုးကားပြီး ဖော်ပြခဲ့ကြတာပါ။ Gorbachev ရဲ့ ရုံးကတော့ Central Clinical Hospital မှာ ဆေးကုသမှု ခံယူနေကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ကွယ်လွန်သူ ရုရှားခေါင်းဆောင်ဟောင်းဟာ စစ်အေးခေတ်ကို သွေးထွက်သံယို မရှိအောင် အဆုံးသတ်ခဲ့သူအဖြစ် ၁၉၉၀ ပြည့်နှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ဖူးပါတယ်။တချိန်က ဆိုဗီယက် ယူနီယံရဲ့ နောက်ဆုံး သမ္မတအဖြစ် အမေရိကန်နဲ့ လက်နက်လျှော့ချရေး စေ့စပ်ညှိနှိုင်းနိုင်ခဲ့သလို၊ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပကို ပိုင်းခြားထားတဲ့ သံကန့်လန့်ကာနဲ့ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းရေးကိုလည်း အနောက်မဟာမိတ်တွေနဲ့အတူ ဆောင်ကျဉ်းပေးခဲ့သူ အဖြစ်နဲ့လည်း ထင်ရှားခဲ့တာပါ။

သူ့အရင် ရုရှားခေါင်းဆောင်တွေလက်ထက် ၁၉၅၆ ခုနှစ်က ဟန်ဂေရီနဲ့ ၁၉၆၈ ခုနှစ် ချက်ကို-ဆလိုဗက်ကီးယား တို့မှာ အုံကြွမှုတွေကို အပြင်းအထန် နှိမ်နင်းခဲ့ဖူးပေမဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေမှာ ၁၉၈၉ ခုနှစ် အုံကြွမှုတွေကို အင်အားမသုံးပဲ ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့သူလည်း ဖြစ်ပါတယ်။၁၉၈၆ ခုနှစ်မှာ ဆိုဗီယက် ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးအဖြစ် စတင်တာဝန်ယူခဲ့ပြီး နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့် တချို့ရရှိလာခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆိုဗီယက်ယူနီယံ ပြိုကွဲတဲ့အခြေအနေကို ဦးတည်ခဲ့တာပါ။ဇွန်လ ၃၀ ရက်နေ့က Gorbachev ကို ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ လစ်ဘရယ်စီးပွားရေး ပညာရှင် Ruslan Grinberg ကတော့ “သူဟာ ကျနော်တို့ကို လွတ်လပ်ခွင့်တွေ အားလုံးပေးခဲ့ပေမဲ့၊ ကျနော်တို့က ဘာလုပ်ရမှန်း မသိကြဘူး။” လို့ ကာကွယ်ရေးစာစောင် Zvezda ကို မှတ်ချက်ပေးခဲ့ဖူးပါတယ်။

-Ref:VOA