နှစ်နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ် အနည်းဆုံးလုပ်ခလစာကို ထိုင်းနိုင်ငံမြှင့်တင်

ထိုင်းနိုင်ငံသည် နှစ်နှစ်ကျော်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားများ၏ နေ့စဉ် အနည်းဆုံး လုပ်ခကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

လူနေမှုစရိတ်မြင့်တက်နေမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကပ်ဘေး၏ စီးပွားရေးအကျိုးသက်ရောက်မှုများမှ အလုပ်သမားများ ခုသာခံသာရှိရေးအတွက် နေ့စဉ်အနည်းဆုံးလုပ်ခကို မြှင့်တင်ပေးလိုက်ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထိုင်းအစိုးရနှင့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အလုပ်သမားအုပ်စုများမှ ကိုယ်စားလှယ်များပါဝင်သည့် ကော်မတီတစ်ရပ်က အလုပ်သမားများ၏ နေ့စဉ် အနည်းဆုံးလုပ်ခကို အောက်တိုဘာ ၁ ရက်မှစ၍ ၅ ဒသမ ၀၂ ရာခိုင်နှုန်း မြှင့်တင်ပေးရန် သဘောတူခဲ့ကြကြောင်း အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများက ပြောကြားသည်။

အထက်ပါအစီအစဉ်ကြောင့် ထိုင်းနိုင်ငံ၏ အမြင့်ဆုံးလုပ်ခလစာသည် တစ်လလျှင် ဘတ်ငွေ ၉၈၄၀ မှ ဘတ် ၁၀၆၂၀ (အမေရိကန်ဒေါ်လာ ၂၇၃ ဒသမ ၃၃ ဒေါ်လာ-၂၉၅ ဒသမ ၀၀ ဒေါ်လာ)အထိ မြင့်တက်လာမည်ဖြစ်ရာ ထိုင်းနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် အနည်းဆုံးလုပ်ခလစာ အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မည်ဖြစ်သည်။

-Ref: Reuters