စစ်သွေးကြွများ စီးနင်းထားသည့် မိုဂါဒီရှူက ဟိုတယ်ကို ဆိုမာလီယားတပ်များ ပြန်သိမ်း
ဆိုမာလီယားနိုင်ငံမြို့တော် မိုဂါဒီရှူမြို့မှာရှိတဲ့ ဟိုတယ်တခုကို ဩဂုတ် ၁၉ ရက်က အယ်ရှာဘက် စစ်သွေးကြွအဖွဲ့က ဝင်ရောက်စီးနင်းစဉ်မှာ လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး လူ ၂၀ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။
တနာရီကြာပစ်ခတ်မှုတွေ ဖြစ်ပြီးတဲ့နောက် ဟိုတယ်ကို အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ပြန်သိမ်းနိုင်ခဲ့ပြီး ဓားစားခံတွေကိုလည်း ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ပစ်ခတ်မှုတွင်း အယ်ရှာဘက် စစ်သွေးကြွအဖွဲ့ဝင်တွေ သေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူ တဒါဇင်လောက်ကို ဆေးရုံပို့လိုက်ရတယ်လို့ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ အခု တိုက်ခိုက်မှုဟာ မေလတုန်းက ရွေးချယ်ခံရတဲ့ သမ္မတ ရှိတ်မွတ်ဟာမက် လက်ထက်မှာ အဆိုးရွားဆုံး အဖြစ်တပျက်တခု ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်က အခုလပိုင်းတွေတွင်း နိုင်ငံရဲ့မြို့တော်အထိ ပြည်သူတွေဟာ လုံခြုံရေး စိုးရိမ်နေရတဲ့ အခြေအနေကို ပြသနေပါတယ်။
ဒီလပိုင်းတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွတွေကို ချေမှုန်းဖို့ စစ်ဆင်ရေးတွေ တိုးမြှင့်ထားသလို၊ အယ်ရှာဘက်အဖွဲ့ကလည်း နိုင်ငံအနှံ့က အစိုးရ စစ်တပ် အခြေစိုက်စခန်းတွေ၊ ဟိုတယ်တွေနဲ့ တခြားအများပြည်သူတွေနဲ့ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေ ပါတယ်။
-Ref:AFP