အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်အား ခေါ်ယူရန်အတွက် ကစားသမား၏အေးဂျင့်နှင့် မန်ယူအသင်းတာဝန်ရှိသူများ ဆွေးနွေး
ယခုနွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေသည့် မန်ယူအသင်းသည် စပိန်နိုင်ငံသို့ ကိုယ်စားလှယ်များစေလွှတ်ကာ အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူရန်အတွက် ကစားသမား၏အေးဂျင့်နှင့် ဆွေးနွေးနေကြောင်း သိရှိရသည်။
မန်ယူအသင်းသည် အနာဂတ်လှုပ်ခတ်နေသည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကြောင့် အသင်း၏ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး တိုက်စစ်ကစားသမားပေါင်းများစွာကို ချိတ်ဆက်လျက် ရှိပြီး ယခုအခါ အက်သလက်တီကိုတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူရန် ပစ်မှတ်ထားလာခြင်းဖြစ်သည်။
ထို့ကြောင့် မန်ယူအသင်းသည် ဂျော်အိုဖေးလစ်အား ခေါ်ယူရန်အတွက် စပိန်သို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်ကာ ကစားသမား၏အေးဂျင့်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သြဂုတ်လ (၁၇)ရက်တွင် ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းအနေဖြင့် ဂျော်အိုဖေးလစ်အား ခေါ်ယူရန် ယင်းကဲ့သို့ ကြိုးပမ်းနေသော်လည်း အက်သလက်တီကို အသင်းကမူ အသက် (၂၂)နှစ် အရွယ် ပေါ်တူဂီတိုက်စစ်ကစားသမားကို ရောင်းထုတ်ရန်ဆန္ဒမရှိကြောင်း သိရသည်။
အက်သလက်တီကိုအသင်းသည် ဂျော်အိုဖေးလစ်ကို ၂၀၁၉ တွင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၁၁၃)သန်းဖြင့် ခေါ်ယူထားခြင်းဖြစ်ပြီး အသင်း၏အနာဂတ်ကစားသမားအဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။
ထို့ပြင် ဂျော်အိုဖေးလစ် ကိုယ်တိုင်ကလည် ယခုနွေတွင် အက်သလက်တီကိုအသင်းမှ ထွက်ခွာမည် မဟုတ်ကြောင်းနှင့် အသင်းအတွက် အာရုံစိုက်ထားကြောင်း ဆိုထားသည်။