၇ ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကျင်းပ
ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် SKY NETက ဦးစီးကျင်းပတဲ့ သတ္တမအကြိမ်မြောက်မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကြီးကို ရန်ကုန်မြို့၊ သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ သြဂုတ်လ ၁၄ ရက်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့ပါတယ်။ပြိုင်ပွဲမှာ ၅ ချီပွဲ စဉ်တွေဖြစ်တဲ့ ၆၀ ကီလိုတန်း တွဲဆိုင်း ၁ ဆိုင်း၊ ၆၇ ကီလိုတန်း တွဲဆိုင်း ၁ ဆိုင်း၊ ၆၃ ဒသမ ၅ ကီလိုတန်း တွဲဆိုင်း ၁ ဆိုင်း၊ ၇၀ ကီလိုတန်း တွဲဆိုင်း ၁ ဆိုင်း၊ ၈၀ ကီလိုတန်း တွဲဆိုင်း ၁ ဆိုင်းနဲ့အတူ ၅၂ ကီလိုတန်း ၄ ချီပွဲစဉ်ဖြစ်တဲ့ အမျိုးသမီး တွဲဆိုင်း ၁ ဆိုင်း ပါဝင် တွဲဆိုင်း ၆ ဆိုင်း နဲ့ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။
၅ ချီပွဲစဉ် တွဲဆိုင်း ၁ မှာ Sky Net ရွှေအောင်လံဆုရှင်စောဘဟိန်း(မြန်မာ)နဲ့ သီရက်အောက်ချ် (ကမ္ဘောဒီးယား)၊ တွဲဆိုင်း ၂ မှာ Sky Net ရွှေအောင်လံဆုရှင်မင်းထက်အောင် (မြန်မာ)နဲ့ အလန်ရောနီ(အာဂျင်တီးနား)၊ တွဲဆိုင်း ၃ မှာ Sky Net ရွှေအောင်လံဆုရှင်အဲမွီး(မြန်မာ)နဲ့ ချိတ်အော်လီဗာဘစ်(ရှ်) (နယူးဇီလန်)၊ တွဲဆိုင်း ၄ မှာ စိုးလင်းဦး(မြန်မာ)နဲ့ ဝီဂျစ်(ထိုင်း)၊တွဲဆိုင်း ၅ မှာ ထွန်းထွန်းမင်း(မြန်မာ)နဲ့ဟန်ဆိုလီမာနီ(အီရန်)၊ အမျိုးသမီး ၄ ချီပွဲစဉ် တွဲဆိုင်း ၆ မှာ မေသဇင်ထူး(လင်းယုန်ကလပ်)နဲ့ သံသာငြိမ့်(AMTZ) တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့တာဖြစ်ပါတယ်။ပွဲစဉ် ၁ နဲ့ ၂ မှာတော့ ၅ ချီအပြည့်ထိုးသတ်ခဲ့ပြီး ပူးတွဲသရေ၊ ပွဲစဥ် ၃ မှာ တော့ အဲမွီးက ပြိုင်ဘက်ကို ပထမအချီ မှာ အလဲထိုးအနိုင်ရခဲ့ပါတယ်။
တွဲဆိုင်း ၄ မှာတော့ ၅ချီအပြည့်နဲ့ပူးတွဲသရေရရှိခဲ့ပြီး တွဲဆိုင်း ၅ မှာတော့ ထွန်းထွန်းမင်းက ပြိုင်ဘက် အီရန် ကစားသမားကို ပထမအချီ ၉၇ စက္ကန့် မှာ အလထိုးအနိုင်ရခဲ့ပါတယ်။ပွဲစဉ် ၆ အမျိုးသမီးပွဲစဉ်မှာတော့ ၄ ချီအပြည့်ထိုးသတ်ခဲ့ပြီး ပူးတွဲသရေ ရရှိခဲ့တာဖြစ်ပါတယ်။ အနိုင်ရရှိသူတွေဟာ ၂၀၂၃ မေလအတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၃၃ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင် ရမှာဖြစ်တယ်လို့ သိရပါတယ်။
OneNews