ကားထဲမှာ ဖုန်း အားသွင်းလို့ ကား ၂ စီး မီးလောင်သွား

နည်းပညာဟာ လူသားတွေရဲ့ ဘဝတွေကို လွယ်ကူ အဆင်ပြေအောင် ကူညီပေးနိုင်တာ ဟုတ်ပါတယ်။ ဒါပေမယ့် တချို့နည်းပညာတွေမှာ အန္တရာယ်တွေပါလာတတ်ကြပါတယ်။ ကားထဲမှာ စမတ်ဖုန်း အားသွင်းတာဟာ မထူးဆန်းပေမယ့် တခါတလေမှာ အန္တရာယ် ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရုတ်မှာ ရာသီဥတု အရမ်း ပူပြင်းတဲ့အတွက် ဖုန်းအားသွင်းရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

CCTV မှတ်တမ်းတွေအရ Jiangxi ပြည်နယ်၊ Jiujiang မှာ ဖုန်းအားသွင်းရာကနေ ကား မီးလောင်သွားပြီး  ဒီမတော်တဆမှုမှာ အနည်းဆုံး ကား ၂ စီး ဆိုးဆိုးရွားရွား မီးလောင်သွားပါတယ်။ စုံစမ်းစစ်ဆေးတဲ့အခါ ကားထဲမှာ စမတ်ဖုန်း အားသွင်းရာကနေ ဒီလို မီးလောင်သွားတာလို့ သိခဲ့ရပါတယ်။

ကား ပိုင်ရှင် ၁ ယောက်က သူ့ရဲ့ စမတ်ဖုန်းကို ကားထဲမှာ ၁၀ မိနစ်ကျော်ကြာ အားသွင်းထားတယ်လို့ ပြောပါတယ်။ ဒီမတော်တဆမှုရဲ့ အဓိက လက်သည်က ဖုန်း အရည်အသွေးကြောင့် မဟုတ်ဘဲ ရာသီဥတုနဲ့ ပိုင်ရှင်ရဲ့ ပေါ့လျော့မှုကြောင့် ဖြစ်ပါတယ်။ မီးသတ် ဌာနက နေတိုက်ရိုက် ကျနေတဲ့အတွက် ကားထဲက အပူချိန်ဟာ ၆၀ ဒီဂရီ စင်တီဂရိတ် ကနေ အမြင့်ဆုံး ၈၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်တယ်လို့ ပြောပါတယ်။

ဒီလို အပူချိန်မျိုးမှာ ဖုန်း ဘက်ထရီတွေဟာ မီးလောင် ပေါက်ကွဲတတ်ပါတယ်။ ဒါ့အပြင် မီးခြစ်၊ ရေမွှေးနဲ့ ပါဝါဘန့်တွေကလည်း အခုလို အပူချိန် လွန်ကဲရင် မီးလောင်တတ်ပြီး အဲဒီ ပစ္စည်းတွေကို ကားထဲမှာ မထားဖို့ ဂရုစိုက်သင့်ပါတယ်။

Ref : gizchina