ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ တစ်ရက်စောကျင်းပမည်
ကာတာနိုင်ငံမှာကျင်းပမယ့် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကို မူလသတ်မှတ်ထားတဲ့ ရက်ထက် တစ်ရက်စောပြီး ကျင်းပမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။ မူလက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်ကို နိုဝင်ဘာ ၂၁ ရက်မှာ အိမ်ရှင်ကာတာအသင်းနဲ့ အီကွေဒေါ အသင်းတို့ ရင်ဆိုင်ကစားဖို့ စီစဉ်ထားပေမယ့် အခုအခါမှာတော့ နယ်သာလန်အသင်းနဲ့ ဆီနီဂေါအသင်းတို့က နိုဝင်ဘာ ၂၀ ရက်မှာ စကစားဖို့ ပြောင်းလဲခဲ့ တာဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ အီကွေဒေါအသင်းရဲ့ မေတ္တာရပ်ခံချက်အရ ပွဲစဉ်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်အတွက် ဖီဖာကိုလည်း အသိပေးအကြောင်းကြားထားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအစဉ်အလာအရတော့ ပြိုင်ပွဲအဖွင့်ပွဲစဉ်ကို အိမ်ရှင်အသင်းရဲ့ ပွဲစဉ်နဲ့သာ ဆုံးဖြတ်လေ့ရှိပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အိမ်ရှင်အသင်းက အဖွင့် တတိယမြောက်ပွဲစဉ်မှသာ စတင်ကစားရတော့မှာ ဖြစ်ပါတယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေးကော်မတီရဲ့ ဆုံးဖြတ်ချက်အပေါ် ဖီဖာကောင်စီဝင်တွေက တိုက်ကြီးများ အလိုက်ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ဆွေးနွေးကာ နောက်ဆုံး ဆုံးဖြတ်ချက် သတ်မှတ်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။