ကန်ငွေကြေးဖောင်းပွမှု နှစ်၄၀ အတွင်း အမြင့်ဆုံးရောက်
ဂက်စ် ၊ အစားအစာ နဲ့ အိမ်ငှားရမ်းခတွေ ခုန်တက်မှုနဲ့အတူ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွနှုန်းဟာ ဇွန်လမှာ နှစ် ၄၀ အတွင်း အမြင့်ဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ အဲဒီအတွက် ဖယ်ဒရယ်အရန်ငွေကြေးအဖွဲ့က အတိုးနှုန်းထပ်မြင့်တင်ဖို့ အခြေအနေကို ဖန်တီးလာမယ့် သဘောလည်းရှိနေပါတယ်။ စားသုံးသူ စျေးနှုန်းတွေဟာ လည်း မနှစ်ကနဲ့ယှဉ်ရင် ၉ ဒဿမ ၁ ရာခိုင်မှုန်း မြင့်တက်လာတယ်လို့ အမေရိကန်အစိုးရက ဗုဒ္ဒဟူးနေ့မှာ ကြေညာခဲ့ပါတယ်။ ဒါဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း အကြီးဆုံး နှစ်အလိုက် မြင့်တက်မှုလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း ၈ ဒဿမ ၆ ရာခိုင်နှုန်းရှိခဲ့တာဖြစ်တဲ့အတွက် မေလ နဲ့ ဇွန်လကြားမှာ တစ်ရာခိုင်နှုန်း ခုန်တက် သွားခဲ့တာပါ။ အခုလို အမေရိကန်ရဲ့ ငွေကြေးဖောင်းပွနှုန်း မြင့်တက်လာတာဟာ ၂၀၂၀ ခုနှစ် ကိုဗစ်ကပ်အတွင်း စီးပွားရေးကျဆင်းမှုကနေ အလျင်အမြန် ပြန်လည်နလန်ထမှု ၊ ဖယ်ဒရယ်အစိုးရရဲ့ ကျယ်ပြန့်တဲ့ အကူအညီ ပေးရေးအစီအစဉ်တွေ၊ အစိုးရ အတိုးနှုန်းထား အရမ်းနိမ့်တာနဲ့ ကိုဗစ်အတွင်း နိုင်ငံကို ပိတ်ချထားစဉ်အတွင်း အသုံးစရိတ်အရမ်းနည်းပါးမှုတွေရဲ့ နောက်ဆက်တွဲဂယက်တွေပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လအတွင်း ကောက်ယူ ခဲ့တဲ့ လူထုစစ်တမ်းတစ်ခုမှာ လူလတ်ပိုင်းအများစုက ငွေကြေးဖောင်းပွမှုဖြေရှင်းရေးဟာ အခုနှစ်အတွက် အစိုးရရဲ့ ဦးစားပေး အစီအစဉ်ဖြစ်သင့်တယ်လို့ ထင်မြင်ယူဆကြောင်း ပြသခဲ့ကြပါတယ်။