TikTok ကို မဖယ်ရှားပါက ဖြေရှင်းချက်ပေးဖို့ Apple နှင့် Google ကို အက်ဖ်စီစီ တိုက်တွန်း
ဗီဒီယိုမျှဝေတဲ့ TikTok ကို အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ Apple နှင့် Google ကို အမေရိကန် ဖက်ဒရယ်ဆက်သွယ်ရေး ကော်မရှင် (အက်ဖ်စီစီ) က တိုက်တွန်းလိုက်ပါတယ်။
သုံးစွဲသူတွေရဲ့ အချက်အလက်တွေ တရုတ်နိုင်ငံကို ပေါက်ကြားမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကြောင့် TikTok ကိုဖယ်ရှားဖို့အတွက် ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်နာ ဘရန်ဒန်ကားက Apple နဲ့ Google တို့ရဲ့ စီအီးအိုတွေထံ စာပေးပို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။
တရုတ်အခြေစိုက် ကုမ္ပဏီကပိုင်ဆိုင်တဲ့ TikTok ရဲ့ နည်းပညာ အင်ဂျင်နီယာတွေဟာ အမေရိကန်က သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို မကြာခဏ ဝင်ရောက်ကြည့်ရှုခဲ့ကြောင်း အမေရိကန်သတင်းဌာနတွေက ဇွန်လလယ်မှာ ထုတ်ဖော်ရေးသားခဲ့ကြပါတယ်။
TikTok ကို အက်ပလီကေးရှင်းစတိုးတွေကနေ ဖယ်ရှားဖို့ကိစ္စကို လိုက်နာခြင်းမရှိပါက ဇူလိုင် ၈ ရက် နောက်ဆုံးထားပြီး ရှင်းလင်းချက်ပေးဖို့ အမေရိကန်ဖက်ဒရယ်ဆက်သွယ်ရေးကော်မရှင်က ထုတ်ပြန် ထားပါတယ်။
အမေရိကန်အခြေစိုက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို အမေရိကန်ဆော့ဖ်ဝဲကုမ္ပဏီကြီးဖြစ်တဲ့ အိုရာကယ်လ်ကို လွှဲပြောင်းပေးမယ်လို့ TikTok က ကြေညာထားပေမယ့် အမေရိကန်ကတော့ အမျိုးသား လုံခြုံရေးအတွက် စိုးရိမ်နေပါတယ်။