ဆစ်ဒနီတွင် လူပေါင်း ၃ သောင်းကျော် ရေဘေး စရှောင်
ဩစတြေးလျနိုင်ငံ ဆစ်ဒနီမှာ ဒေသခံ ၃ သောင်းကျော်ဟာ ရေကြီးမှုအန္တရာယ်ကို ရှောင်ရှားဖို့ နေအိမ်တွေကနေ စတင်ရွှေ့ပြောင်းနေကြရပါပြီ။ ဩစတြေးလျရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဆစ်ဒနီဟာ လပေါင်း ၁၈ လအတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ နယူးဆောက်ဝေးလ်ပြည်နယ် ဝန်ကြီးချုပ်က ဘေးလွတ်ရာရွှေ့ပြောင်းရေး အမိန့်ညွှန်ကြားချက်အတွင်းမှာ လူပေါင်း ၃ သောင်း ၂ထောင်ကျော် အကျုံးဝင်မှာဖြစ်တယ်လို့ ပြောပါတယ်။ ပြည်သူတွေကို အများပြည်သူ ယာဉ်လိုင်းတွေအပါအဝင် တခြား မလိုအပ်ဘဲ ခရီးသွားတာမျိုးရှောင်ရှားဖို့ အာဏာပိုင်တွေက ညွှန်ကြားထား ပါတယ်။ တချို့လမ်းမကြီးတွေဟာ ရေမြှုပ်နေပြီဖြစ်ပြီး ရုတ်တရက် ရေမြင့်တက်မှုဖြစ်ပေါ်နိုင်ခြေရှိနေတာပါ။ မိုးလေဝသဗျူရိုက ဆစ်ဒနီမှာ တနင်္လာနေ့က မိုးရေချိန်လက်မ ၄.၇၂ လက်မထိ ရွာသွန်းနိုင်တယ်လို့ ကြေညာထားပါတယ်။