စီးရီးအေတွင် အမျိုးသမီးဒိုင်လူကြီး ပထမဆုံးအသုံးပြုမည်

၂၀၂၂-၂၃ ရာသီ စီးရီးအေပြိုင်ပွဲတွင် ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်လူကြီး အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ သြဂုတ်တွင် စတင်ကျင်းပမည့် စီးရီးအေပြိုင်ပွဲရာသီသစ်အတွက် တာဝန်ယူကိုင်တွယ်မည့် ပထမဆုံး အမျိုးသမီးဒိုင်အဖြစ် အသက် (၃၁) နှစ်ရှိပြီဖြစ်သည့် ဖာရီယာရီကာပူတီကို ခန့်အပ်ကြောင်း စီးရီးအေပြိုင်ပွဲက စနေနေ့တွင် ထုတ်ပြန်ခဲ့သည်။ ကာပူတီသည် ၂၀၀၇ ခုနှစ်မှစတင်ကာ ဒေသတွင်းပြိုင်ပွဲများ၌ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီ ကိုပါအီတာလီယာပြိုင်ပွဲအဖြစ် ကာဂလီယာရီနှင့် စစ်တာဒယ်လာ အသင်းတို့ ယှဉ်ပြိုင်ကစားသည့် (၃၂)သင်း အဆင့်ပွဲစဉ်ကိုလည်း ကိုင်တွယ်ခွင့်ရခဲ့သည်။ ၂၀၂၂-၂၃ ရာသီ စီးရီးအေပြိုင်ပွဲကို သြဂုတ် (၁၃) ရက်မှ ဇွန် (၄)ရက်အထိ ကျင်းပမည်ဖြစ်ပြီး ချန်ပီယံဆုအတွက် ဇယားထိပ်ဆုံး နှစ်သင်း ရမှတ်တူနေပါက Play-off ကစား၍ အဆုံးအဖြတ် ခံယူသည့်စနစ်ကို ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း စီးရီးအေပြိုင်ပွဲက ထုတ်ပြန်ထားသည်။