အိန္ဒိယတွင် ယခုနှစ်ကုန်ပိုင်း၌ 5G ကွန်ရက်ဖြန့်ကြက်ရန် စီစဉ်
အိန္ဒိယနိုင်ငံမှာ ယခုနှစ် ဩဂုတ်လကနေ စက်တင်ဘာလအတွင်း 5G ကွန်ရက်ဖြန့်ကြက်သွားမှာဖြစ်ကြောင်း အိန္ဒိယ ဆက်သွယ်ရေးဝန်ကြီး Ashwini Vaishnaw က ပြောပါတယ်။ အင်တာနက် ဒေတာဈေးနှုန်းတွေဟာလည်း အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ပျမ်းမျှဈေးနှုန်းထက် သိသိသာသာ သက်သာနေပြီး 5G ကွန်ရက်ချိတ်ဆက်ပြီးရင်တော့ စံသတ်မှတ်ထားတဲ့ နှုန်းထားတွေကို ပြင်ဆင်သွားမယ်လို့ သူကဆိုပါတယ်။
လက်ရှိမှာတော့ အစိုးရနဲ့ဆက်သွယ်ရေးကုမ္ပဏီတွေအကြား ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေအရ အိန္ဒိယမြို့ကြီး ၂၀ ကနေ ၂၅ မြို့မှာ ပထမအဆင့်အနေနဲ့ 5G ချိတ်ဆက်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။
5G ကွန်ရက်နည်းပညာဟာ 4G ကွန်ရက်ထက် ၁၀ ဆ ပိုမိုမြန်ဆန်စွာ အရှိန်မြင့်လာမည်ဖြစ်ပြီး ခေတ်သစ် နည်းပညာရဲ့ လိုအပ်ချက်အရ စီးပွားရေးပုံစံသစ်တွေ ထွက်ပေါ်လာမည်ဖြစ်ကြောင်းနဲ့ အိန္ဒိယအနေနဲ့ 6G နည်းပညာကိုလည်း ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်စေဖို့ ကြိုးပမ်းနေတယ်လို့ အိန္ဒိယဆက်သွယ်ရေးဝန်ကြီးက ပြောပါတယ်။