အူဆိုက်နှင့် ဂျိုရှူအာ သြဂုတ် (၂၀)တွင် ဆော်ဒီနိုင်ငံ၌ မကျေပွဲထိုးသတ်မည်ဟု အတည်ပြု
WBA (Super)၊ IBF၊ WBO၊ IBO ဟဲဗီးဝိတ်တန်းကမ္ဘာ့ချန်ပီယံ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့် ချန်ပီယံဟောင်း ဖြစ်သည့် ဗြိတိန်လက်ဝှေ့သမား အန်သိုနီဂျိုရှူအာတို့ သြဂုတ် (၂၀)တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ မကျေပွဲပြန်လည်ထိုးသတ်မည်ဟု တနင်္ဂနွေနေ့ က အတည်ပြုထုတ်ပြန်ခဲ့သည်။
မူလက ၎င်းတို့နှစ်ဦး၏မကျေပွဲကို နွေရာသီအစောပိုင်းကာလတွင် ကျင်းပရန် စီစဉ်ထားသော်လည်း လက်ရှိချန်ပီယံ အူဆိုက်အနေဖြင့် ရုရှား၏ ကျူးကျော်စစ်အတွက် မိခင်နိုင်ငံကိုကာကွယ်ရန် ကာကွယ်ရေးတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သောကြောင့် ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။
သို့သော် မတ်လတွင် ၎င်းအား နိုင်ငံမှ ထွက်ခွာ၍ ဂျိုရှူအာနှင့် မကျေပွဲအတွက် ပြင်ဆင်ခွင့်ပြုခဲ့သောကြောင့် ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ရာ သြဂုတ်(၂၀)တွင် ထိုးသတ်ရန် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။
“Rage on the Red Sea” ဟု အမည်ပေးထားသည့် ယင်းပွဲစဉ်ကို ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါးမြို့ရှိ ပရိသတ် ၃၅၀၀၀ ဝင်ဆံ့သည့် Jeddah Super Dome ၌ ကျင်းပ မည်ဖြစ်သည်။
“ကျွန်တော့်မှာ ပန်းတိုင်တစ်ခု ရှိပါတယ်။ ကိုယ်တော်မြတ်ရဲ့အကူ အညီနဲ့ ဒီပန်းတိုင်ကို ပြီးမြောက်အောင် လုပ်သွားမှာပါ” ဟု အူဆိုက် က ပြောကြားသည်။ ချန်ပီယံခါးပတ်များ ပြန်လည်စိန်ခေါ် ရမည့် ဂျိုရှူအာကလည်း “အဲဒီနေ့က ကျွန်တော့်အတွက်တော့ သမိုင်းတစ်ခု ဖြစ်လာမှာပါ။ ပျော်ရွှင်နေတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်ဆိုတာ အန္တရာယ်ရှိပါတယ်။ ကျွန်တော်က ဖြတ်သန်းဖူးသမျှ ကာလတစ်လျှောက် အပျော်ရွှင်ဆုံးနဲ့ စိတ်အား အထက်သန်ဆုံး ဖြစ်နေတယ်။ ဒီပွဲစဉ်က တကယ်ကိုခက်ခဲ ကြမ်းတမ်းတဲ့ အချိန်တွေ ကျော်ဖြတ်နေရတဲ့ ယူကရိန်းနိုင်ငံသားပရိသတ်တွေအတွက် အထူးအစီအစဉ်ဖြစ်စေမှာပါ” ဟု ပြောကြားခဲ့သည်။