ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စပါး၊ နယူးကာဆယ်နဲ့ ဗီလာတို့ အပြိုင်စိတ်ဝင်စားနေ
ဝေးလ်တောင်ပံကစားသမားဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ အသင်းဟောင်းစပါးအပြင် နယူးကာဆယ်နဲ့ ဗီလာအသင်း တို့ကပါ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက်(၃၂)နှစ်အရွယ်ဘေးလ်ဟာ အခုရာသီအကုန်မှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်ပြီဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ကို ချန်ပီယံရှစ်ကလပ် ကာဒစ်ဖ်အသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဂါရတ်ဘေးလ်ဟာ ၂၀၀၇ ခုနှစ်မှာ စပါးအသင်းကို ရောက်ရှိလာခဲ့ပြီး စပါးမှာ (၆)နှစ်ကြာကစားခဲ့စဉ်အတွင်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၃ မှာ အဲဒီအချိန်တုန်းက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ တောင်ပံကစားသမားဘေးလ်ဟာ ၂၀၂၀ မှာ စပါးကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဒုတိယအကြိမ် ရောက်ရှိခဲ့ပါတယ်။ ဘီဘီစီရဲ့ဖော်ပြချက်အရ စပါးအသင်းဟာ ဘေးလ်ကို တတိယအကြိမ်ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဘောလုံးဒါရိုက်တာ ပါရာတစ်စီဟာ ဘေးလ်ရဲ့အခြေအနေကို စောင့်ကြည့်နေပါတယ်။ ဂါရတ်ဘေးလ်ကတော့ နောက်ရာသီ သူပြောင်းရွှေ့ကစားမယ့်အသင်းကို အတည်ပြုထုတ်ပြန်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။