ရုရှားတွင် လုပ်ငန်းအားလုံးရပ်ဆိုင်းလိုက်သည့် IBM
ရုရှားမှာ IBM ရဲ့ လုပ်ငန်းအားလုံးကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် Arvind Krishna က ဝန်ထမ်းတွေကို အသိပေးထုတ်ပြန်လိုက်ပါတယ်။
IBM ဟာ မတ်လကတည်းက ရုရှားမှာရှိတဲ့ လုပ်ငန်းတွေကို ဆိုင်းငံ့ထားခဲ့ပေမယ့် အဲဒီကဝန်ထမ်းတွေကိုတော့ လစာ ဆက်လက်ပေးထားပါတယ်။ လက်ရှိမှာတော့ ကုမ္ပဏီရဲ့ ရေရှည်ရွေးချယ်စရာတွေကို အကဲဖြတ်နိုင်ဖို့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တာလို့ IBM က ထုတ်ပြန်ထားပါတယ်။
စစ်ပွဲရဲ့ အကျိုးဆက်တွေ ဆက်လက်မြင့်တက်လာပြီး ရေရှည် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး မသေချာ မရေရာမှုတွေ ကြီးထွားလာတာကြောင့် ရုရှားမှာရှိတဲ့ IBM ရဲ့ လုပ်ငန်းတွေကို စနစ်တကျ ရပ်တန့်ဖို့ မိမိတို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း အမှုဆောင်အရာရှိချုပ် Arvind Krishna က ပြောပါတယ်။
IBM ဟာ အမေရိကန်မှာ အခြေစိုက်တဲ့ နည်းပညာကုမ္ပဏီကြီး ဖြစ်ပြီး အဓိကအားဖြင့် အစိုးရနဲ့ ကုမ္ပဏီ ကြီးတွေ အတွက် Hardware နဲ့ Software တွေကို ထုတ်လုပ်ရောင်း ချနေတာဖြစ်ပါတယ်။ ယူကရိန်းကို ရုရှားက တိုက်ခိုက်မှုကြောင့် IBM နည်းတူ Google ၊ Microsoft ၊ Samsung ၊ Intel ၊ Nokia တို့လို နည်းပညာကုမ္ပဏီကြီးတွေကလည်း ရုရှားမှာရှိတဲ့လုပ်ငန်းတွေကို ရပ်ဆိုင်းထားကြပါတယ်။