ပြည်သူများ၏ ကျန်းမားရေးကို အလေးထား၍ ညောင်လေးပင်မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုများသို့ Covid-19 ဥပဒေနှင့်အညီ မဲဆွယ်စည်းရုံး
ညောင်လေးပင်၊ အောက်တိုဘာ ၈
ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ယမန်နေ့ နံနက် ၈ နာရီ အချိန်တွင် တော်ပသီကျေးရွာသို့ ရောက်ရှိခဲ့ပြီး ပြည်သူများမှ အောင်နိင်ရေးအလံများ လွှင့်ထူခြင်း၊ ပန်းကုံးဆွတ် ကြိုဆိုခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ရပ်/ကျေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ ခဲ့ကြပြီး တော်ပသီကျေးရွာအတွင်း တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် လက်ကမ်းစာစောင်များ ဝေငှ၍ စည်းရုံးရေး ဆင်းခဲ့ကြသည်။
ဆက်လက်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် ညောင်လေးပင်မြို့နယ် အတွင်းရှိ စမ်းကလေးကျေးရွာ (အရှေ့၊အနောက်) သို့ သွားရောက်ပြီး ရပ်/ကျေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့ကြသည်။
မဲဆွယ်စည်းရုံးရေးသို့ ညောင်လေးပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာသန့်ဇော်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးညွန့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဌေး၊ ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များနှင့် ဒေသခံလူငယ်များ လိုက်ပါခဲ့ကြသည်။
Waiyan