အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေးပြန်လည် ကောင်းမွန်ရေး လုပ်ဆောင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဋ္ဌပြော

 

ကျောက်ပန်းတောင်း၊ စက်တင်ဘာ ၂၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစိုးရဖြစ်လျှင် တိုင်းပြည်စီးပွားရေး ပြည်လည်ကောင်းမွန်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက် ကျောက်ပန်းတောင်းမြို့နယ် ဘူတာရပ်ကွက်ရှိ ပြည်သူများနဲ့ သွားရောက်တွေ့ဆုံရာတွင် ဦးလှထွန်းက အထက်ပါအတိုင်းပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြည်သူတွေ များသောအားဖြင့် တောင်သူဦးကြီးတွေပေါ့။ ဒီကာလတွေမှာ သီးနှံဈေးနှုန်းတွေ မကောင်းတော့ စီးပွားရေးအဆင်မပြေကြဘူး။ အဲ့ဒီတော့ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး အစစရာ အခက်ခဲတွေရှိလာတယ်။ တိုင်းပြည်စီးပွားရေးကျဆင်းလာတယ်။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီ အစိုးရဖွဲ့နိုင်ခဲ့ရင် ဒါတွေပြန်လည်ကောင်းမွန်အောင်လုပ်မယ်။ ကျွန်တော်တို့ ပါတီရဲ့ ပြည်သူ့အာမခံချက် (၁၁) ချက်မှာလည်း လယ်ယာထုတ်ကုန်များ သင့်တင့်မျှတတဲ့ ဈေးနှုန်းရရှိစေရန် ဈေးကွက်ချိတ်ဆက်ဆောင်ရွက် ပေးမယ်လို့ အာမခံထားပြီး ဖြစ်တယ်” ဟု ဦးလှထွန်းက ပြောသည်။

စက်တင်ဘာ ၂၂ ရက် ကျောက်ပန်းတောင်းမြို့နယ်ရှိ၊ ဘင်ဂွကျေးရွာနှင့် ဘူတာရက်ကွက်များသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ/ြ ပည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလှထွန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦသန့်ဇော်လတ်၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်တို့ ပြည်သူများဖြင့် သွားရောက်တွေ့ဆုံ ခဲ့ကြသည်။