စီးရီးအေအစည်းအဝေး တက်ရောက်ပြီး နာပိုလီဥက္ကဋ္ဌ COVID-19 ကူးစက်ခံရ

မိမိတို့၏ဥက္ကဋ္ဌ ဒီလော်ရန်တစ်သည် COVID-19 ကူးစက်ခံရသည်ဟု နာပိုလီအသင်း က စက်တင်ဘာ ၁၀ ရက်တွင် ကြေညာသည်။

ဒီလော်ရန်တစ်သည် စက်တင်ဘာ ၉ ရက်က မီလန်မြို့၌ ကျင်းပသော စီးရီးအေအထွေထွေညီလာခံသို့ တက်ရောက်ပြီးနောက် COVID-19 ကူးစက်ခံရခြင်းဖြစ်ရာ အခြားအသင်းများ၏ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ အနေဖြင့်လည်း စီးရီးအေရာသီသစ် မစတင်မီ Quarantine ဝင်ရနိုင် သည်။

COVID-19 ကပ်ရောဂါအတွင်း ယခင်လများစွာက ဗီဒီယိုမှ တစ်ဆင့် အစည်းအဝေးများပြုလုပ်ခဲ့သော်လည်း ယခုတစ်ကြိမ် လူပုဂ္ဂိုလ်တက်ရောက်မှု ပထမဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်သည်။

စက်တင်ဘာ ၉ ရက်က နမူနာယူပြီး စစ်ဆေးကြည့်ရာမှာ ဥက္ကဋ္ဌမှာ COVID-19 ကူးစက်ခံရတဲ့ လက္ခဏာ တွေ့ရပါတယ်ဟု နာပိုလီက ထုတ်ပြန်ချက်၌ ဖော်ပြသည်။

၂၀၂၀-၂၁ စီးရီးအေရာသီ ကို စက်တင်ဘာ ၁၉ ရက်တွင် စတင်မည်ဖြစ်ပြီး စက်တင်ဘာ ၂၀ ရက်တွင် နာပိုလီက ပါးမားနှင့် စတင်ကစားမည်ဖြစ်သည်။ 7days