ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး ဝန်းသိုမြို့နယ်ရှိ ဆရာတော်များအား လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက ဝန်းသိုမြို့နယ်၏ ကျောက်မောင်းတောင် စေတီတော်မြတ်ကို သွားရောက်ဖူးမြော် ကြည်ညို၍ ကျောက်မောင်းတောင် တောရတွင် သီတင်းသုံးတော်မူသော ချောင်းဆုံဆရာတော်ကြီးအား လှူဖွယ် ဝတ္ထု အစုစုတို့ကို ဆက်ကပ်လှူဒါန်းကာ ပူဇော်ကန်တော့ပြီး သြဝါဒခံယူခဲ့ကြောင်း သိရသည်။ ထိုမှတစ်ဆင့် ဝန်းသိုမြို့သို့ ဆက်လက်သွားရောက်ပြီး ခန္တီးစာသင် တိုက်ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝန ဆရာတော်အား လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းပူဇော်ကန်တော့ပြီး ဆရာတော်ကြီး၏ ဆုံးမသြဝါဒကို ခံယူခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ဂျိုးတောင်ကျေးရွာတွင် ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး သုံးမြို့နယ်မှ ဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များကို တစ်မြို့နယ်စီ သီးခြားတွေ့ဆုံ၍ မိမိဒေသ အတွင်း၌ COVID-19 ကပ်ရောဂါကာလ အတွင်း ဒုက္ခကြုံတွေ့နေရသော၊ ရင်ဆိုင်နေရသော ပြည်သူတို့၏ အခက်အခဲများအား ကူညီထောက်ပံ့မှုများကို ပေးနိုင်ရန်မှာကြားပြီး မြို့နယ်ပါတီဥက္ကဋ္ဌများက လက်ရှိ အခြေအနေများကို  တင်ပြကြသည်။ တင်ပြချက်များကို ပါတီ ဗဟိုအလုပ်အမှုဆောင်  ဦးမြင့်စိုး က ဖြည့်စွက် ရှင်းလင်းဖြေကြား၍ အရေးပေါ် စီမံဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ ဆောလျင်စွာ လုပ်ကိုင်နိုင်ကြရန် ထပ်ဆင့်မှာကြားခဲ့သည်။ ညီညီထွန်း(ဝန်းသို)