COVID-19 စည်းမျဉ်းချိုးဖောက်သော တရုတ်ယူ-၁၉ ကစားသမားများ ကစားခွင့်ခြောက်လ ပိတ်ပင်ခံရ

COVID-19 ကပ်ရောဂါ ကာကွယ်ရေးစည်းမျဉ်း စည်း ကမ်းများ ချိုးဖောက်၍ ညဉ့်နက်ပိုင်းထွက်ကာ အရက် သောက်သည့် တရုတ်ယူ-၁၉ ကစားသမားခြောက်ဦးကို ကစားခွင့်ခြောက်လ ပိတ်ပင် သည်။

ယင်းကစားသမားခြောက်ဦးကို တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA)က နိုဝင်ဘာအထိ ကစားခွင့် ဆိုင်းငံ့ခဲ့သည်။

ထို့အပြင် ယင်းကစားသမားခြောက်ဦးကို  သက်ဆိုင်ရာကလပ် အသင်းများကလည်း သီးခြားစီပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ဒါက အသင်းရဲ့ COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးစည်းမျဉ်း စည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး တစ်သင်းလုံးအပေါ်  အနုတ်သဘော ဆောင်တဲ့သက်ရောက်မှုတွေ ရှိ စေတယ်ဟု CFA က ပြောသည်။

ရှန်ဟိုင်း SIPG အသင်းက  ယင်းခြောက်ဦးအနက်  ၎င်းတို့ကစား သမားသုံးဦး၏ လစာကို ဖြတ်တောက်ခဲ့သည်။

တရုတ်ယူ-၁၉ နည်းပြချုပ်  ချန်ယောင်ဒေါင်းက ၎င်းတို့ကို ကိုယ့် အပြစ် ကိုယ်တိုင်ပြန်လည် ဝေဖန်သည့် အက်ဆေးများ နှစ်ကြိမ်ရေးသား ခိုင်းခဲ့ပြီး ကြိမ်းမောင်းပြစ်တင်ခဲ့သည်ဟု ပြောသည်။  Ref: AFP