နောက် လာမယ့် လွှတ်တော်၊ အစိုးရတွေမှာ သမိုင်းအထောက်အထားဖြစ်ပြီး ထိန်းကျောင်းနိုင်ဖို့ ဖြစ်တယ်လို့ဆို

 

နေပြည်တော်၊ ဇွန် ၁

လွှတ်တော်ဥက္ကဌ တာဝန်ရုပ်သိမ်းရေးအဆို မအောင်မြင်ပေမယ့် နောင်လာမယ့်လွှတ်တော်တွေ အစိုးရတွေ အတွက် သမိုင်းအထောက်အထား ဖြစ်ပြီးတော့ အားလုံးဝိုင်းဝန်းထိန်းကျောင်း ညှိနှိုင်းဆောင်ရွက်သွားနိုင်ဖို့ တိုက်တွန်းတယ်လို့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

ဒီကနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချူပ်မှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ ရုပ်သိမ်းရေး အဆိုတငသွင်းခဲ့တဲ့ ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဦးတီခွန်မြတ်ကို ပုဂ္ဂိုလ်စွဲပြီးတော့ အဆိုကိုတင်သွင်းနေတာမဟုတ်ဘူး။ ဦးတီခွန်မြတ်မဟုတ်ပေမယ့်လည်း လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူထားပြီးတော့မှ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ၊ တင်ပြချက်တွေ၊ ဆန္ဒတွေ၊ ဥပဒေနဲ့ အညီ တင်သွင်းတဲ့အခါ ပိတ်ပင်လို့ရှိရင်တော့ တာဝန်က ရုပ်သိမ်းဖို့၊ နှုတ်ထွက်ဖို့တော့ အဲဒီလိုပဲ တင်သွင်း မှာဖြစ်ပါတယ် ” လို့ ဦးစိုင်းထွန်းစိန်က ပြောပါတယ်။

ဒီအပြင် အဆိုတင်သွင်းရခြင်းမှာ သူတစ်ဦးထဲရဲ့ သဘောဆန္ဒမဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးရဲ့ ကိုယ်စား လွှတ်တော်ကို တင်သွင်းခြင်းဖြစ်တယ်လို့ ဦးစိုင်းထွန်းစိန်က ဆက်ပြောပါတယ်။

လွှတ်တော်ဥက္ကဋ္ဌ တာဝန်ကရုပ်သိမ်းဖို့ အဆိုတင်သွင်းတာက ကချင်လူမျိုး ဦးတီခွန်မြတ်ကို တင်သွင်းတာ မဟုတ်ဘဲ လွှတ်တော်ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ အဆိုတင်သွင်းတာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်ကလည်း ဆိုပါတယ်။

“ဒီကိစ္စက တိုင်းရင်းသားအရေးနဲ့ ဘာမှမဆိုင်ဘူး” လို့ ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ပြောခဲ့တာပါ။