ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး လေးမျက်နှာမြို့နယ်မှ ဒေသခံပြည်သူများ ပါတီဝင် များနှင့်တွေ့ဆုံ

 

လေးမျက်နှာ မတ် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် လေးမျက်နှာမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့် ယမန်နေ့နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲကို နိုင်ငံတော်အလံ အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆို၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသန်း ထွန်းက မြို့နယ်ပါတီနှင့် ရပ်ကျေးပါတီများ ဖွဲ့စည်းထားရှိမှု၊ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နှစ်အလိုက်၊ လအလိုက် စီမံချက်ရေးဆွဲ ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက မြို့နယ် ပါတီကော်မတီဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ ဆောင်ရွက်ရမည့် တာဝန် ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များအား အကျယ်တဝင့် လမ်းညွှန်ဆွေးနွေးမှာကြားခဲ့ပြီး နယ်မြေတာဝန်ခံများ၊ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများက မိမိနယ်မြေအလိုက် တာဝန်ယူ ဆောင်ရွက်နေမှုများ၊ ပါတီအောင် နိုင်ရေးအတွက် ကွင်းဆင်း ဆောင်ရွက်နေမှု အခြေအနေများအား နယ်မြေတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြ ခဲ့ကြသည်။ ယင်းနောက် တက်ရောက်လာသူများ၏ ရှင်းလင်းတင်ပြခဲ့မှုများအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက လိုအပ်သည် များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ပါတီအောင်နိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ် များအားအပြန်အလှန်၊ ဆွေးနွေးမှုများ ပြုလုပ်ကြသည်။ ထို့ပြင်ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် အဖွဲ့ဝင် များသည် လေးမျက်နှာမြို့နယ် ပိန်းအင်းအုပ်စု၊ ဟံသာအေးကျေးရွာမှ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်တွေ့ဆုံခဲ့ရာ မြို့နယ်ပါတီဥက္ကဋ္ဌက တွေ့ဆုံရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ပါတီဝင်များ၊ ရပ်မိရပ်ဖများအား အသီးသီးမိတ်ဆက်ပေး၍ ဒေသခံ ပြည်သူများက သိလိုသည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လတ်တလောနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေ များအား အသီးသီးပြောကြားမှုများအပေါ် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ၊ ပညာရေးနှင့်လုံခြုံရေး ကိစ္စရပ်များကို ရှင်းလင်း ပြောကြားရာ မိမိတို့ပါတီအနေဖြင့် ပြန်လည်ဦးဆောင်ခွင့်ရရှိပါက ပြည်သူများ၏အခက် အခဲအကျပ်အတည်း များကို ဦးစွာဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ပြည်ခိုင်ဖြိုးပါတီ၏ ကဏ္ဍရေးရာ အလိုက်အာမခံချက် ကိုးချက်အား အကျယ်တဝင့် ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီး တက်ရောက်ဆွေးနွေးသည့် ဒေသခံပြည်သူများကို ပါတီဥက္ကဋ္ဌ ပုံပါ ၂ဝ၂ဝ ပြည့်နှစ် ပြက္ခဒိန်များနှင့် ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေကျပ် နှစ်သိန်း အား မြို့နယ်ပါတီဥက္ကဋ္ဌက တာဝန်ရှိသူများထံ ပေးအပ်ခဲ့သည်။ တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတ ခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် လေးမျက်နှာမြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်း၊ ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ဒေသခံပြည်သူများ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရွှေမိုး