(၁၀)နှစ်အကြာက လိင်ပိုင်းဆိုင်ရာစွပ်စွဲမှုမှာ ရော်နယ်ဒို အပြစ်မရှိကြောင်းဆုံးဖြတ်
ဘောလုံးကြယ်ပွင့်တစ်ဦးဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုဟာ လွန်ခဲ့တဲ့(၁၀)နှစ်အကြာက လိင်ပိုင်းဆိုင်ရာ စွပ်စွဲခံရမှုမှာ အပြစ်မရှိကြောင်း ဆုံးဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အီတလီစီးရီးအေချန်ပီယံဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူးဖြစ်သူ ရော်နယ်ဒိုဟာ ၂၀၀၉ ခုနှစ်၊ ဇွန်လ(၁၃)ရက်က အမေရိကန်ပြည်ထောင်စု၊ လတ်စ်ဗီးဂတ်စ် မြို့မှာ ကက်သရင်းမာယော်ဂါဆိုသူ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရတာပါ။ ဟော်တယ်တစ်ခုမှာ အလိုမတူပဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှာတော့ ရော်နယ်ဒိုနဲ့ အမျိုးသမီးတို့ကျေအေးမှု ရသွားခဲ့ပါတယ်။
ဒါပေမယ့်၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၈)ရက်မှာတော့ အမျိုးသမီးက အမှုပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး တနင်္လာနေ့ကတော့ ခရိုင်အစိုးရရှေ့နေရုံးက ရော်နယ်ဒို အပေါ် စွဲဆိုဖို့ လုံလောက်တဲ့သက်သေအထောက်အထား မရှိကြောင်းနဲ့ အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်အပေါ် ရော်နယ်ဒိုရဲ့ရှေ့နေဖြစ်သူ ပီတာခရစ်စတန်ဆန်နဲ့ အေဂျင်စီရဲ့ ကိုယ်စားလှယ်တွေ ဘက်က မှတ်ချက်ပေးပြောဆိုတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
Skysports