မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲသို့ ကော့မှူးပြည်ခိုင်ဖြိုးပါတီ တက်ရောက်

 

ကော့မှူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ၊ အောင်ရတနာ ဘောလုံးကွင်း ဘေးရှိ ကွင်းတွင် ယမန်နေ့ နံနက် ၈နာရီက မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ရာ ကော့မှူး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့တက်ရောက်အားပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပွဲကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်း (CDD)၊ သစ်တော ဦးစီးဌာန၊ NSGYouth၊ ဖြူစင်မေတ္တာပရဟိတအဖွဲ့၊ ဟင်္သာကုန်းလူငယ်တို့ ပူးပေါင်း၍ ဆောင်ရွှက် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ မိုးရာသီသစ်ပင် စိုက်ပွဲသို့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပရဟိတအဖွဲ့ဝင်များ၊ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက ဦးဝင်းထိန်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းနိုင် (ခ) ဦးရွှေဘော်နှင့် မြို့နယ်ပါတီ ကော်မတီများ၊ ဒေသခံများ စုစုပေါင်း ၂ဝဝ ခန့် တက်ရောက်ခဲ့ပြီး ကျွန်းပင် ၁၅ဝ၊ ပျဉ်းကတိုး ၅ဝ ပင်၊ မဟော်ဂနီ ၅ဝ ပင်၊ ယူကလစ်ပင် ၁ဝဝ၊ မန်ဂျန်ရှားပင် ၃ဝဝ၊ ဝါးဖြူအပင် ၅ဝ စုစုပေါင်းပင် ၇ဝဝ စိုက်ပျိုးခဲ့ကြောင်း သိရသည်။မြတ်ဟိန်းကျော်(ကော့မှူး)