ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘ နှစ်ပတ်လည်ကို ဂုဏ်ပြု ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သွေးလှူဒါန်း

 

ရန်ကုန် ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီ၏ (၉) နှစ်မြောက် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၁၇ဝ ကျော်တို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်အမျိုးသား သွေးလှူဌာနတွင် အကြိမ် (၆ဝ) မြောက် ငါးနှစ်ပြည့် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ သွေးလှူဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီအတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ပါတီ ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး၊ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဦးအောင်ကျော်မင်း၊ အမျိုးသား သွေးလှူ ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်နှင့် တာဝန်ရှိသူများ တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌများနှင့် သွေးလှူရှင်အင်အား ၁၅ဝ တို့ တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးအောင်ကျော်မင်းက ပါတီ၏ (၉) နှစ်မြောက် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် သွေးလှူပွဲ ကျင်းပရခြင်းကို များစွာဂုဏ်ယူ ဝမ်းမြောက် ကြောင်း ယနေ့သည် ပြည်ခိုင်ဖြိုးပါတီမှ စဉ်ဆက်မပြတ် စတင်သွေးလှူဒါန်းခဲ့သည်မှာ (၅) နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ကြောင်း ပါဝင်လှူဒါန်းပေးကြသည့် ပါတီဝင်များကို များစွာကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားသွေးလှူဌာနမှ ဒုညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာအောင်က ပြည်ခိုင်ဖြိုးပါတီမှ (၅) နှစ်ပြည့်မြောက်အောင် စဉ်ဆက်မပြတ် သွေးလှူဒါန်းခဲ့ကြသည့်အတွက် ကျေးဇူးတင်ကြောင်း သွေးလှူရှင်များ သက်သောင့်သက်သာ သွေးလှူဒါန်းနိုင်ရေး အတွက်စီစဉ် ဆောင်ရွက်ထားပုံများကို ရှင်းလင်းတင်ပြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ကြသည်။ ထို့နောက် အကြိမ် (၆ဝ) မြောက် သွေးလှူရှင် ဦးမြင့်ထွန်းနှင့်သွေးလှူ ဒါန်းနေသည့် ပါတီဝင်များအား လှည့်လည်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြကြောင်း သိရသည်။

ထိန်ဝင်း(YGN)