ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ ပါတီလူငယ်အဖွဲ့များ တွေ့ဆုံ

 

မန္တလေး မေ ၂၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီလူငယ်အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့တို့ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီမှ ၁ဝ နာရီအထိ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် ၇၃ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။ အခမ်းအနားအား နိုင်ငံတော်သီချင်း သီဆိုပြီး နိုင်ငံတော်အလံအား အလေးပြု ဖွင့်လှစ်ပြီး နောက် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မန္တလေးတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမျိုးမြင့်က နှုတ်ခွန်းဆက်စကား ပြောကြားခြင်းနှင့် မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်လူငယ်တာဝန်ခံ ဦးဝင်းလှိုင်ငြိမ်းက လူငယ်လှုပ်ရှားဆောင်ရွက်မှု အခြေအနေများအား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ်အဖွဲ့တို့မှ လူငယ်များက ပုဒ်မ ၅၉ (စ) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော ခေါင်းစဉ်ဖြင့် လူငယ်ထုအမြင်ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီးနောက် အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်၍ အခမ်းအနားအား ”ဒို့ပြည်ခိုင်ဖြိုး”တေးသီချင်းသီဆို ပိတ်သိမ်းခဲ့သည်။ အခမ်းအနားသို့ မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီးပါတီ ကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ ဦးမိုးဝင်းကျော်နှင့် တိုင်းဒေသကြီပါတီ ကော်မတီဝင်များ၊ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝါဝါလှိုင်၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်ပါတီများမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်လူငယ်တာဝန်ခံများ၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ်အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် မန္တလေးသို့ လာရောက်လည်ပတ်သော ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ လူငယ် အဖွဲ့အား မန္တလေးတိုင်းဒေသကြီး လူငယ်အဖွဲ့မှ မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရားများသို့ ဘုရားဖူးလိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သုတ(မန္တလေး)