ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲ တက်ရောက်

 

ဝေါ မေ ၂၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စီမံခန်ခွဲ့မှုသင်တန်း (၁/၂ဝ၁၉) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ အတွင်းရေးမှူး ဦးညီညီမြင့်၊ တိုင်းကော်မတီဝင် ဦးအောင်နိုင်၊ ပဲခူးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်စိုး၊ ခရိုင်ကော်မတီဝင် ဦးကျော်ဇော်နှင့် ကော်မတီဝင်များ၊ ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်းနှင့် မြို့နယ်ကော်မတီဝင်များ၊ သင်တန်းဆရာများ၊ သင်တန်းသား၊ သင်တန်းသူ ၆ဝ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက သင်တန်း အဖွင့်အမှာစကား ပြောကြားပြီးနောက် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယုက စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၁၉) သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နိုင်ငံရေးစီမံခန့်ခွဲမှုသင်တန်း (၁/၂ဝ၁၉) သင်တန်းဖွင့်လှစ်ခြင်းဖြင့် ပါတီဝင်များ၏ နိုင်ငံတကာဆက်ဆံရေး၊ လူထုဟောပြောစည်းရုံးရေး၊ ပါတီသမိုင်း၊ ပါတီ၏ မူဝါဒလမ်းစဉ်၊ ခေါင်းဆောင်မှုပညာ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်တို့နှင့် ဒေသအခြေပြု လက်တွေ့ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး ဘာသာရပ်များကို ယမန်နေ့မှ ယခုလ ၃၁ ရက်နေ့အထိ သင်တန်းသား ၆ဝ အား သုံးရက်တာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။

အောင်မြတ်လင်း(ဝေါ)