လာမယ့်ရာသီ ယူနိုက်တက်ရဲ့ တစ်ရာသီလက်မှတ်များ အချိန်တိုအတွင်းရောင်းချကုန်ဆုံး

စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လာမယ့်ဘောလုံးရာသီ တစ်ရာသီစာလက်မှတ်တွေဟာ ဈေးကွက်အတွင်းမှာ ရောင်းချကုန်ဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ အဆင့် (၆)နေရာမှာ ရပ်တည်ကာ ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် အသင်းပရိသတ် တွေကတော့ အသင်းကို အားပေးဖို့ အသင့်ဖြစ် နေခဲ့ကြပြီး တစ်ရာသီစာလက်မှတ်တွေကို ၀ယ်ယူအားပေးခဲ့ကြပါတယ်။

ဆိုးလ်ရှားရဲ့ ယူနိုက်တက်နည်းပြဘ၀ ပထမဆုံးအဖြစ် ဘောလုံးရာသီတစ်ခုကို အစအဆုံး တာဝန်ယူရမယ့် အခြေအနေပေါ်မှာ အသင်းပရိသတ်တွေက စိတ်ဝင်စားမှုမြင့်တက်နေဆဲဆိုတာကို မီးမောင်း ထိုးပြသွားခဲ့ပါတယ်။ လက်မှတ်စောင်ရေစုစုပေါင်း (၅၂၀၀၀)ကို ရောင်းချခဲ့ရတာဖြစ်ပီးတော့ ယူနိုက်တက် အတွက်တော့ သတင်း ကောင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

လာမယ့် (၅)နှစ်အတွင်းမှာ ကွင်းကို တိုးချဲ့ပြုပြင်ဖို့ နဲ့ ထိုင်ခုံ အရေအတွက်ကို တိုးမြှင့်သွားဖို့ ယူနိုက်တက်ဘက်က စီစဉ်နေပြီး အဆိုပါ စီမံကိန်းသာ ပြီးဆုံးခဲ့ပါက ကွင်းတွင်း လာရောက် ကြည့်ရှုခွင့်ရမယ့် ပရိသတ်အရေအတွက် ကလည်း တိုးပွားလာဦးမယ်လို့ ယုံကြည် နေပါတယ်။ အသင်းအပေါ် ဒုဥက္ကဌ အက်ဝုဒ်ဝက်ဒ်ရဲ့ စီမံမှုတွေအပေါ်မှာ ယူနိုက်တက်ပရိသတ်တွေက မကျေမနပ် ဖြစ်ခဲ့ကြပြီး ကန့်ကွက်မှုတွေ ရှိနေခဲ့ပေမယ့်လည်း အသင်းနောက်မှာ မားမားမတ်မတ် ရှိနေဆဲ ဆိုတာကိုတော့ သူတို့ရဲ့ ၀ယ်ယူ အားပေးမှုနဲ့ သက်သေပြသွားခဲ့ပါတယ်။

ဆိုးလ်ရှားက သူ့အသင်းကို လူငယ်တွေနဲ့ တည်ဆောက်သွားမယ်လို့ ကြံရွယ်ထားပြီး လက်ရှိမှာ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီယယ်ဂျိမ်းစ် ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

—Ref: Premier League