ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ရန်ကုန် မေ ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုး ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈ နာရီခွဲက ဆင်နင်းပင်အုပ်စု ဆင်နင်းပင်ကျေးရွာရှိ ပြည်ခိုင်ဖြိုးရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးကျော်စီနေအိမ်တွင် ပြည်ခိုင်ဖြိုး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ဒေါ်တင့်တင့်ခိုင်က အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် တိုင်းနာယက ဦးဝင်းမြင့်စိုးက အဖွင့်စကားများနှင့် သိမှတ်ဖွယ်ရာ အကြောင်း အရာများကို ပြောကြားသည်။

ယင်းနောက် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ပါတီ ကော်မတီဝင် ဦးအောင်ကိုလတ်၊ မြို့နယ်အတွင်းရေးမှူး ဦးသိန်းစိုး၊ မြို့နယ်ပါတီ ကော်မတီဝင်နယ်မြေ တာဝန်ခံ ဦးတင်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သန္တာအောင်တို့က သိကောင်းစရာများကို ပြောကြားသည်။ ဆက်လက်၍ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးကျော်စီက ကျေးဇူးတင်စကား ပြောကြားပြီး ဖဲကြိုးဖြတ်ခြင်း အခမ်းအနားအား ကျင်းပရာ ဗဟိုကော်မတီဝင် ဦးဝင်းမြင့်စိုးနှင့် အဖွဲ့ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးကျော်စီတို့ဖြင့် ဒေသခံများနှင့်အတူ ဖဲကြိုးဖြတ်ကာ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အခမ်းအနား အပြီးတွင် ပါတီ၏ ဗဟိုကော်မတီဝင်နှင့်အတူ ဒေသခံများဖြင့် စုပေါင်းကာ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)