ဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် ဗုဒ္ဓပူဇနိယပွဲတော် ငွေပဒေသာပင်လှူဒါန်း

 

ကန်ကြီးထောင့် ဧပြီ ၁၁

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် နှစ်စဉ် ကျင်းပသော လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဘာသန္တရတက္ကသိုလ်တော်ကြီး၏ ၆၂ နှစ်မြောက် စုပေါင်းရဟန်းခံ ရှင်ပြုပွဲတော်ကြီးကို နိုင်ငံတော် သြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာသုတမဟာထေရ်ဆရာတော်ကြီး အမှူးပြု၍ ၁၃၈ဝ ပြည့်နှစ် နှောင်းတန်ခူးလဆန်း ၁ ရက်မှ ၇ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ယမန်နေ့ ညနေပိုင်းတွင် ဗဟိုအလုပ်အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်နှင့်အဖွဲ့သည် လောကမှန်ကူ ဆုတောင်းပြည့်စေတီတော်နှင့် သိဒ္ဓိရှင်ဓာတ်ပေါင်းစုံဘုရားတို့ကို သွားရောက်ဖူးမြော်၍ ငွေပဒေသာပင်နှင့် ယောဂီဝတ်စုံများ လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဦးတင်ရွှေနှင့်အဖွဲ့က လက်ခံခဲ့သည်။

ယခုနှစ် စုပေါင်းရဟန်းခံ ရှင်ပြုပွဲတွင် ရဟန်းလောင်းအပါး ၂၁ဝ၊ ရှင်သာမဏေ ၁၂၇ ပါးနှင့် သီလရှင်အပါး ၁၅ဝ တို့အား သာသနာ့ ဘောင်သို့ ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် ပြည်ကြီးမဏ္ဍိုင် ကျောင်းတိုက်ဆရာတော်ထံသို့ သွားရောက်ကာ ဆွမ်းဆန်တော်၊ ဆီ၊ ပဲ၊ ကြာဆံနှင့် နဝကမ္မအလှူငွေများ လှူဒါန်းခဲ့သည်။