လက်စတာအသင်းရဲ့ နည်းပြသစ်ဖြစ်လာခဲ့တဲ့ ဘရန်ဒန်ရော်ဂျာ

လက်စတာစီးတီးအသင်းဟာ အသင်းကနေ ထုတ်ပယ်ခဲ့တဲ့ နည်းပြဖြူရယ်လ်ရဲ့ နေရာမှာ ဆဲလ်တစ်နည်းပြ ဘရန်ဒန်ရော်ဂျာ်ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ဆွမ်ဆီးတို့မှာလည်း နည်းပြအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ရော်ဂျာဟာ ပရီးမီးယားလိဂ်ကို ပြန်လည် ခြေချနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဆဲလ်တစ်အသင်းကို (၃)နှစ်ကြာ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ဆုဖလား (၇)လုံး ဆွတ်ခူးပေးခဲ့တဲ့ ရော်ဂျာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကမှ ဆဲလ်တစ်အတွက် စကော့တလန် လိဂ်ဖလားကို ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါသေးတယ်။

လက်စတာ နဲ့ ရော်ဂျာတို့ဟာ ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ကြတာဖြစ်ပြီး ၂၀၁၄ နောက်ပိုင်းမှာ ပရီးမီးယားလိဂ်ကို ရော်ဂျာ ပြန်လည်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။ ရော်ဂျာနဲ့အတူ နည်းပြအဖွဲ့ဝင်တွေ အဖြစ် လီဗာပူးလ်နဲ့ဆဲလ်တစ် ကစားသမားဟောင်း ကိုလိုတိုရေးလည်း လိုက်ပါလာမယ်လို့ သိရပါတယ်။ ယမန်နေ့ နေ့လယ်က နှစ်ဦးနှစ်ဖက်ကြား ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့အပြီးမှာပဲ ရော်ဂျာ နဲ့ လက်စတာအသင်းတို့ သဘောတူညီမှု ရရှိသွားခဲ့တာ ဖြစ်ပြီး လျင်လျင်မြန်မြန်ပဲ ဆွေးနွေးမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

“လက်စတာအသင်းရဲ့မန်နေဂျာအဖြစ် အထူးအခွင့်အရေးရရှိခဲ့လို့ ကျွန်တော်အရမ်းဂုဏ်ယူမိပါတယ်၊ ကျွန်တော့်ရဲ့ ဘ၀ကို ကလပ်အသင်းရဲ့ ဂုဏ်ယူစရာကောင်းတဲ့ ပရိသတ်တွေအတွက် ပေးဆပ်သွားမှာပါ၊ ကျွန်တော်တို့ အတူတူလက်တွဲပြီးတော့ ပိုပြီးတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်လာအောင်၊ ရှေ့ဆက်သွားနိုင်အောင် ကြိုးစား သွားမှာပါ” လို့ ရော်ဂျာက အသင်းဝက်ဘ်ဆိုက်ကတဆင့် ပြောကြားသွားခဲ့ပါတယ်။ ဘရန်ဒန်ရော်ဂျာဟာ ၂၀၁၁ မှာ ဆွမ်ဆီးအသင်းကို ပရီးမီးယားလိဂ်ကို ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အဲဒီနောက်မှာ လီဗာပူးလ်အသင်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ကာ ၂၀၁၅ မှာ ထုတ်ပယ်ခံခဲ့ရပါတယ်။

လီဗာပူးလ်နဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကို ရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ခြေချော်ခဲ့ပြီး မန်စီးတီးအသင်းကို ရမှတ်အနည်းငယ်အကွာနဲ့ အရေးနိမ့်ခဲ့ရသူလည်း ဖြစ်ပါတယ်။

 

-Ref:Skysports