ကက်ရှ်မီးယားဒေသအတွင်း စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်၊ အိန္ဒိယစစ်သည် ၄ ဦး သေဆုံး
ပိုင်နက်အငြင်းပွား ကက်ရှ်မီးယားဒေသအတွင်း စစ်သွေးကြွတွေနဲ့ ဖေဖော်ဝါရီ ၁၈ ရက်က တိုက်ပွဲဖြစ်ခဲ့လို့ အိန္ဒိယစစ်သည် ၄ ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးတယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။
အိန္ဒိယအစိုးရဟာ အရင်အပတ်က တပ်ထိန်းရဲ ၄၄ ဦးကို သတ်ခဲ့တဲ့ အစ္စလာမ္မစ် စစ်သွေးကြွ အုပ်စုဝင်တွေကို လိုက်ရှာနေတာပါ။
တပ်ထိန်းရဲတွေပါတဲ့ ယာဉ်တန်းကို အသေခံဗုံးခွဲသမားက ကားနဲ့ဝင်တိုက်ခဲ့တဲ့ ကက်ရှ်မီးယားဒေသ ပေါ်ဝါမာခရိုင်ထဲက ပင်းလန်ရွာကို အိန္ဒိယတပ်က ပိတ်ဆို့ထားတယ်လို့ ဂျမူးနဲ့ ကက်ရှ်မီးယား ပြည်နယ်ရဲ ပြောခွင့်ရက ပြောပါတယ်။
ရွာထဲက အိမ်တအိမ်မှာ ပါကစ္စတန်အခြေစိုက် ဂျိုက်ရှ် အီး မိုဟမ်မဒ် အုပ်စုက နိုင်ငံခြားသားတွေပါတဲ့ စစ်သွေးကြွ ၃ ဦး ရှိနေတယ်ဆိုတဲ့ သတင်းကို ရထားတယ်လို့ နာမည်မဖော်တဲ့ ပြည်နယ်ရဲအရာရှိတဦးက ပြောပါတယ်။
အိန္ဒိယတပ်တွေက ဂျိုက်ရှ်အဖွဲ့နဲ့ ပတ်သက်တယ်လို့ သံသယရှိတဲ့ အမျိုးသား ၂၃ ဦးကို ထိန်းသိမ်းထားပါတယ်။
ပါကစ္စတန်ကတော့ အရင်အပတ်က ရဲအရန်တပ်ရဲ့ ယာဉ်တန်းကို တိုက်ခိုက်မှုနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူးလို့ ငြင်းပါတယ်။
မွတ်စလင် လူများစုရှိရာ ကက်ရှ်မီးယားဒေသကို ပိုင်တယ်လို့ အိန္ဒိယကရော ပါကစ္စတန်ကပါ အခိုင်အမာ ပြောထားပြီး ၂ နိုင်ငံလုံးက ပြည်နယ်ရဲ့ အစိတ်အပိုင်းတွေကို အုပ်ချုပ်ပါတယ်။
by DVB