မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားရန် မိုက်ပန့်စ် အလေးပေး

ဝါရှင်တန် ဖေဖော်ဝါရီ ၁၇

ယခုလနှောင်းပိုင်းတွင် ကျင်းပမည့် အမေရိကန်-မြောက်ကိုရီးယားထိပ်သီး အစည်းအဝေးမတိုင်မီ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က အလေးအနက်ပြောကြားခဲ့သည်။

စနေနေ့က မြူးနစ်လုံခြုံရေး ကွန်ဖရင့်အစည်းအဝေး၌ မိုက်ပန့်စ်က မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ ယခုလနှောင်းပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ထိပ်သီး အစည်းအဝေးကျင်းပရန် စီစဉ်ထားမှုနှင့်စပ်လျဉ်း၍ မိုက်ပန့်စ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးတစ်ရပ်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်နေကြောင်း ၎င်းက ပြောခဲ့သည်။

အတိတ်က ပြုခဲ့ဖူးသည့် အမှားမျိုးကို နောက်တစ်ကြိမ်အဖြစ်ခံတော့မည် မဟုတ်ကြောင်း၊ နိုင်ငံများအားလုံးသည် အတူတကွရပ်တည်ကာ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ဆောင်ရွက်ချက်များ အားလုံးကို ဝိုင်းဝန်းပံ့ပိုး သွားကြရမည် ဖြစ်သည်ဟု အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားသည်။

ထို့ပြင် မိုက်ပန့်စ်က မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် ဖျက်သိမ်းမှု လုံးဝပြီးပြည့်စုံသည့် အခြေအနေသို့ မရောက်ရှိသေးမီ နိုင်ငံများအားလုံးအနေဖြင့် အတူတကွ ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားကြရန် လိုအပ်ကြောင်း ပြောကြားလိုက်သည်။

 

—Ref: AFP