လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော မြန်မာအမျိုးသမီးအသင်းကို ဂုဏ်ပြုဆုငွေချီးမြှင့်

အိန္ဒိယလေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ (Hero Gold Cup)  တွင် ဗိုလ်စွဲခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ဂုဏ်ပြုဆုကြေးကျပ်သိန်း ၅၅၀ ချီးမြှင့်ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ဖော်ပြသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် နီပေါ၊ အီရန်၊ အိန္ဒိယတို့နှင့် ယှဉ်ပြိုင်ခဲ့သော အုပ်စုပတ်လည် ပွဲစဉ်များတွင် အနိုင်ရရှိခဲ့ပြီး နီပေါနှင့် ထပ်မံယှဉ်ပြိုင်ရသည့် ဗိုလ်လုပွဲတွင် ဂိုးပြတ်အနိုင်ရကာ အောင်မြင်မှု ရခဲ့ခြင်းလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် မနေ့က နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ထို့နောက် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က ဂုဏ်ပြုနေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံပြီးနောက် စုပေါင်းဆုကြေးငွေပေးအပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် လာမည့်ဧပြီလတွင် တိုကျိုအိုလံပစ်ပြိုင်ပွဲ၏ ဒုတိယ အဆင့် ခြေစစ်ပွဲများ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ပြီး နီပေါ၊ အိန္ဒိယ နှင့် အင်ဒိုနီးရှား တို့ကိုယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Ref: MFF